ကျွန်တော်အမည် - ဦးခိုင်ဇင်ဝင်း ၊ ပြည်မြို့ဇာတိ။

                 ဖခင်က စာပေသမား စာဖတ်အလွန်ဝါသနာပါသည် Book Worm စာဂျပိုး ၊ ကျွန်တော်က ဖခင်ထံမှ ထိုအမွေကိုရခဲ့သည်။ ကျွန်တော်တို့အိမ်တွင် ဖခင် ငယ်စဉ်ကတည်းက ဝယ်ယူဖတ်ရှုခဲ့သော စာအုပ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်မျှရှိသည်။ ကျွန်တော်တို့အိမ်တွင် အိမ်တွင်းစာကြည့်တိုက်ရှိသည်။ စာအုပ်တိုင်းတွင် “မောင်ဘဝင်း အိမ်တွင်းစာကြည့်တိုက်” ဟူ၍ တံဆိပ်တုံး ထုထားတတ်သည်။ ကျွန်တော်သည် အားလပ်သည့် အချိန်များတွင် အဆိုပါ စာအုပ်များကို ဖတ်ရှုခဲ့သည်။ ကျွန်တော် စာအုပ်ပုံတွေ ကြား ကြီးပြင်းခဲ့ခြင်းဖြစ်သည်။

                 မှတ်မှတ်ရရ ၁၉၇၄ ခုနှစ်လောက်က ဖြစ်သည် ငွေတာရီ မဂ္ဂဇင်းထဲတွင် ဟောင်ကောင်စတော့အိပ်ချိန်း အကြောင်းဖတ်ရသည်။ ဓါတ်ပုံတစ်ပုံပင်ပါပါ၏။ “ ဟောင်ကောင်စတော့အိပ်ချိန်းတွင် လူအများရောင်းဝယ်နေ ကြပုံ” ဟု ဓါတ်ပုံအောက်တွင် စာရေးထားသည်။ အဆိုပါ ဆောင်းပါးကို ကျွန်တော် နှစ်ခါသုံးခါမျှ ပြန်ဖတ်သည်။ ဘာမှနားမလည်ပါ။ ယုတ်စွအဆုံး “စတော့” ဆိုသည်မှာ ဘာလဲဆိုသည်ပင် ကျွန်တော်မသိခဲ့။ တစ်နေ့သော အခါတွင်မတော့ နားလည်အောင်လုပ်မည်ဟု စိတ်ထဲတွင် တေးမှတ်ထားခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်များသို့ ရောက်သောအခါ “စတော့” အကြောင်း, “ဘွန်းများ” အကြောင်း ကောင်းစွာသိရှိသွားခဲ့သည်။

                ၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၁၆ ရက်နေ့တွင် အင်္ဂလန်မှ ပြန်လာသော ဆရာဦးအောင်သိန်းထွန်း၏ TA ပညာ သင်တန်းကို တက်ခွင့်ရခဲ့သည်။ အဆိုပါသင်တန်းသည် ဆရာ၏ ဒုတိယမြောက်သင်တန်းဖြစ်သည်။

                 ဆရာ၏ နောက်ထပ်သင်တန်းများတွင် ကျွန်တော်သည် ဆရာ၏ အကူအဖြစ်လိုက်ပါခွင့်ရခဲ့သည်။ ဆရာ၏ ပညာကို ထပ်ခါထပ်ခါ ဆည်းပူးခွင့်ရခဲ့သည်။ ဆရာ၏ ကျေးဇူးကြီးခဲ့သည်။ ထိုအချိန်ကာလများ၌ မြန်မာပြည်တွင် အင်တာနက်မှာ လွယ်လင့်တကူမရနိုင်။ ပညာကို သင်ကြားပြီးသော်လည်း ယခုခေတ်ကာလလို ဈေးကွက်ထဲသို့ တန်းပြီးဝင်ရောက်ခွင့်မရ။ ဤအခြင်းအရာသည် ကျွန်တော့်ကို ဈေးကွက်ထဲမှ ထာဝရထွက်ခွာ မသွားရအောင် ဖန်တီးပေးလိုက်သလိုရှိကြောင်း နောက်ပိုင်းတွင် ကျွန်တော်သိရှိလာခဲ့သည်။

                 ၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့တွင် သင်တန်းပြီးဆုံးပြီးနောက် ရက်အနည်းငယ် ကြာသောအခါ ဆရာ အင်္ဂလန်ကို ပြန်သွားတော့သည်။ ကျွန်တော့်မှာ ဆရာသင်ပေးသော စာများကိုသာ ထပ်ပြန်တလဲလဲ ဖတ်ရှုနေယုံမှအပ ဘာမျှမတိုးတက်လာခဲ့ပါ။ လအနည်းငယ်ကြာသောအခါ မမိုး(မငြိမ်းမို့မို့ပိုင်)က အင်တာနက် ဆိုင်တွင် Chart ဘယ်လိုကြည့်ရ သည် ဆိုသည်ကို ကျွန်တော့်ကို သင်ပေးသည်။ ထိုအခါကျမှ Chart ကို Real မြင်ဖူးပြီး ကြည့်တတ်သွားသည်။

                 ထို့နောက်တွင် အင်တာနက်ဆိုင်များဆီသို့ အခေါက်ခေါက် အခါခါ သွားခဲ့ရသည်။ အိမ်တွင် အင်တာနက် တပ်ဆင်လိုက်သည့် ၂ဝ၁၄ ခုနှစ်အထိဖြစ်သည်။ ထိုကာလမှ ယနေ့အချိန်ထိ TA ပညာ FA ပညာ များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးခဲ့သည်။ ဆည်းပူးနေဆဲလည်း ဖြစ်သည်။ ကျွန်တော် မှတ်သားထား သော ပညာရပ်များကို မှတ်စု ထုတ်ထားသည်များရှိသည်။ ဘာသာပြန်ထားသည်များ ရှိသည်။ မည်သူ့ကိုမျှ တော့ မမျှဝေဖြစ်ခဲ့။ မှတ်မှတ်ရရ My Gold Myanmar (Broker Company) တွင်တော့ စာ (၂)ခါ သင်ပေးဖူး သည်။ ဟောပြောပွဲ တစ်ခါ ပြုလုပ်ပေးဖူးသည်။ My Gold Myanmar ကိုတော့ ကျွန်တော် သံယောဇဉ်ရှိသည်။ ယခု သူတို့ Website နှင့် Facebook Page တွင် ဆောင်းပါးများရေးပေးဖို့ တောင်းဆိုလာသည်။ ဒီအရင်က ကျွန်တော်သည် ယခုလို ဆောင်းပါးများ ရေးသားမျှဝေဖို့ မစဉ်းစားခဲ့ဖူးပါ။ စောပါသေးသည် ဟူသော အတွေး ကြောင့်ဖြစ့်သည်။ ယခုမူ ကွေးသောလက် မဆန့်မီ ဟူသောစကားအရ ယခုကပင် ပညာဖြန့်ဝေခြင်းသည် ကောင်းပါ၏ဟု အတွေးပေါက်လာကာ ပညာမျှဝေဖို့ ဖြစ်လာသည်။ ရှေ့အဖို့ ရေးသားဖော်ပြမည့် ဆောင်းပါး များကို အမျိုးအစားခွဲရပါက _

                 (က) သင်ကြား တက်မြောက်ရမည့် ပညာဆိုင်ရာ

                 ( ခ ) သိရှိမှတ်သား လိုက်နာကျင့်သုံးရမည့် ပညာဆိုင်ရာ နှင့်

                 ( ဂ ) အခြား ဗဟုသုတဖြစ်ဖွယ်ရာ ဆောင်းပါးများ ဟူ၍ ဖြစ်ပါသည်။

                 အခြား ဗဟုသုတဖြစ်ဖွယ်ရာ ဆောင်းပါးများ ကဏ္ဍတွင် ရောင်းရေးဝယ်တာ ကိစ္စရပ်များအတွက် ဗဟုသုတဖြစ်ဖွယ်ရာ ဆောင်းပါးများ ပါဝင်နိုင်သလို ရောင်းရေးဝယ်တာ ကိစ္စရပ်များနှင့် မသက်ဆိုင်လှပဲ အခြားသော ကဏ္ဍ၏ ဗဟုသတဖြစ်ဖွယ်ရာ ဆောင်းပါးများလည်း ပါကောင်းပါလာနိုင်ပါသည်။

                 ကျွန်တော်၏ ဆောင်းပါးများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖော်ပြနိုင်ဖို့ (My Gold Myanmar) မှ စီစဉ် ထားကြသည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖော်ပြနိုင်ဖို့ ကျွန်တော် ကြိုးစားပါမည်။ သို့ရာတွင် အခြားကိစ္စရပ် များကြောင့် ကျွန်တော် မအားမလပ် ရှိလာခဲ့ပါက တစ်ပါတ်ခြား ဖော်ပြနိုင်ဖို့ ရှိကောင်းရှိလာနိုင်ပါကြောင်း ကြိုတင်သိစေချင်ပါသည်။

( မှတ်ချက် ။ အချို့သော ဖော်ပြချက်တို့တွင် ဆောင်းပါးပုံစံမျိုးမဟုတ်ဘဲ မှတ်စုပုံစံမျိုးဖြင့် ဖော်ပြမှာ ဖြစ်ပါသည်။ )

မေတ္တာဖြင့်…

                         ဦးခိုင်ဇင်ဝင်း

                         ၉.၅.၂ဝ၂ဝ ရက်နေ့ ( စနေနေ့ )

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency