ရွှေဟူသောစကားသံကိုကြားရလျှင် ကောင်းမြတ်သော အဓိပ္ပါယ်ဖြစ်မှန်း လူတွေသိကြသည်။ မှတ်ယူ ထားကြသည်။ ရွှေမြန်မာ၊ ရွှေနိုင်ငံ၊ Golden Land ၊ Gold Finger စသည်တို့က သာဓကများ ဖြစ်သည်။ ရွှေကို လူတိုင်း မက်မောသည်။ ရွှေ၏ အရောင်သည် ထူးခြားသည်။ မြင်ရသူကို ရင်ခုန်စိတ်လှုပ်ရှားစေသည်။

                     ရွှေ၏ရုပ်ဂုဏ်သတ္တိများမှာ - ရွှေ၏ အရောင်သည် တောက်ပသော အဝါရောင်ဖြစ်သည်။ Reflection ဖြစ်ပေါ်ခြင်းကြောင့် တောက်ပလင်းလက်ချိန်တွင် Luster ရောင်ပြောင်းပြတတ်လေ့ရှိသည်။ ရွှေကို အခြား သတ္တုများထက် အပြားခပ်ခြင်း၊ နန်းဆွဲခြင်းကို ပိုမိုပြုလုပ်နိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ရွှေ ၁ ဂရမ်မျှကို 2.4 ကီလိုမီတာအရှည်အထိ နန်းဆွဲ၍ ရနိုင်စွမ်းသည်။ ကောင်းသော အပူကူး၊ လျှပ်ကူး ပစ္စည်းဖြစ်သည်။ ကောင်းစွာ ပုံသွင်း၍ရသော သတ္တုဖြစ်သည်။ မာဆင့်မှာ 2.5 မှ 3 Mohs ဖြစ်သည်။ ရွှေသည် ပျော့ပြောင်းသဖြင့် ငွေ၊ ကြေးနီ အခြားသတ္တု တစ်မျိုးမျိုးဖြင့် ရောစပ်အသုံးပြုလေ့ရှိကြသည်။ သိပ်သည်းဆမှာ 19.3 g/cm^3 ဖြစ်သည်။ ရွှေတစ်ကုဗပေ အတုံးတစ်တုံးသည် တစ်တန်မျှလေးသည်ကို ကြည့်ခြင်းအားဖြင့် ရွှေ၏ သိပ်သည်းဆကို ခန့်မှန်းကြည့်နိုင်သည်။ လျှပ်စစ်ခုခံအားမှာ 2.44 × 10−8Ω.m ဖြစ်သည်။ ရွှေသည် 1065 °C တွင် အရည်ပျော် လေသည်။

                     ရွှေ၏ ဓါတ်ဂုဏ်သတ္တိများမှာ Chemical Formula Au ဖြစ်သည်။ ထို့ကြောင့် Trading လောက၌ ရွှေကို XAU ဟု ကင်ပွန်းတပ်ထားခြင်းဖြစ်သည်။ အက်ဆစ်နှင့်စားခြင်းကို အထူးပင် ခံနိုင်စွမ်းရှိသည်။ Auric Chloride နှင့် Choloro Auric acid တို့ အများစု ပါဝင်သော ကွန်ပေါင်းဖြစ်သည်။ နိုက်တြစ်အက်ဆစ်နှင့် ဟိုက်ဒြိုကလိုရစ် အက်ဆစ်ရောစပ်ထားသော ဖျော်ရည်တွင် ရွှေသည်ပျော်ဝင်သည်။ တည်ငြိမ်သော အိုင်ဆိုတုပ်မှာ 197 Au ဖြစ်သည်။ ဟေလိုဂျင်မှ လွဲ၍ အခြားသတ္တုများနှင့် ဓါတ်မပြုပေ။

                     လူတို့သည် ရွှေကို ဘီစီ ၃၆၀၀ ခန့်က ရှေးဟောင်း အီဂျစ်တွင် စတင်တွေ့ရှိခဲ့ကြသည်။ နောက်နှစ် ပေါင်း ၁၀၀၀ ခန့်ကြာသောအခါ ရွှေဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများကို ပြုလုပ်ဆင်မြန်းလာကြ သည်။ သမိုင်းတွင် လူတို့ယဉ်ကျေးလာခါစက လူတို့အတွက် ပိုနေသော ကုန်ပစ္စည်းနှင့် လိုနေသော ကုန်ပစ္စည်းတို့ကို လဲလှယ်သော Barter System ကို ကျင့်သုံးခဲ့ကြသည်။ Barter System သည် အခါခပ်သိမ်း အလုပ်မဖြစ်တော့သောအခါ ကြားခံပစ္စည်းကို ရှာဖွေလာကြရသည်။ ပထမပိုင်းတွင် ကြားခံပစ္စည်းများအဖြစ် အခြားသောပစ္စည်းများကို အသုံးပြုရာမှ နောက်ပိုင်းတွင် ရွှေစ၊ ငွေစတို့ကို အလေးချိန်သတ်မှတ်ကာ ရောင်းဝယ်လာကြသည်။ ကုန်ပစ္စည်းတစ်ခုအတွက် သတ်မှတ်ထား သော ရွှေတုံး, ရွှေစ အလေးချိန်အတွက် လိုတိုးပိုလျော့နိုင်ရန် ရွှေတုံးရွှေစတို့ကို ကပ်ကြေးဖြင့် ဖြတ်တောက် ချိန်ညှိကြရသည်။ ၁၆၉၆ ခုနှစ်တွင် အင်္ဂလန်၌ ရွှေဒင်္ဂါးကို အလိုအလျောက် ထုတ်လုပ်နိုင်သော အဆင့် ရောက်လာချိန်တွင် ရွှေကို ဖြတ်ညှပ် အသုံးပြုမှု အဆုံးသတ်သွားတော့သည်။

                     ဥရောပ၏ စက္ကူငွေကြေးသုံးစွဲမှုမှာ ၁၆ ရာစုကပင် စတင်နေပြီဖြစ်သည်။ အဆိုပါငွေကြေးကို ကုန်ပစ္စည်းအရောင်းအဝယ်ပြုရာတွင်လည်းကောင်း၊ ချေးငှားရန်အတွက်လည်းကောင်း ပိုင်ဆိုင်မှု၊ သိမ်းဆည်း သိုမှီးထားခြင်း စသည်တို့အတွက် ပစ္စည်းတစ်ခုအဖြစ် တွင်ကျယ်စွာ အသုံးပြုလာကြသည်။ သို့နှင့်တိုင် ရွှေဒင်္ဂါးနှင့် ရွှေတုံးရွှေချောင်းတို့က ဥရောပငွေကြေးစနစ်တွင် အသာရခဲ့သည်မှာ ၁၈ ရာစုတိုင်အောင်ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင်မူ စက္ကူငွေကြေးက ပြန်လည်အသာရလာခဲ့ခြင်းဖြစ်သည်။ စက္ကူငွေကြေးနှင့် ရွှေတို့ အားပြိုင်မှုများရှိခဲ့သည်။ နောက်ဆုံးရလာဒ်က ရွှေစံချိန်စနစ်ကို စတင်ဖြစ်ပေါ်စေခဲ့ပေသည်။

                     စက္ကူငွေကြေးတစ်မျိုးတည်းကို သုံးစွဲရာတွင် ကိစ္စကြီးငယ် မရှိသော်ငြား မတူကွဲပြားသော စက္ကူ ငွေကြေးများ သုံစွဲကြသည့်ဒေသ, နယ်ပယ်, နိုင်ငံများအကြားတွင်မူ စက္ကူငွေကြေး အသီးသီးကို တန်ဖိုးသတ်မှတ်ဖို့ရန် လိုအပ်လာသည့် ရွှေစံချိန်တစ်ခုဖြင့် ငွေကြေးကို ထိန်းချုပ်ရန် လိုအပ်သည်ဟု သိရှိလာ ကြသည်။ ရွှေစံချိန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံက ၎င်းပိုင်ဆိုင်သော ရွှေပမာဏအပေါ်မူတည်ပြီး ၎င်းနိုင်ငံက ထုတ်ဝေသော ငွေကြေးကို တန်ဖိုးသတ်မှတ်ခြင်းဖြစ်သည်။ ၁၈၂၁ ခုနှစ်တွင် အင်္ဂလန်က ရွှေစံချိန်စနစ်ကို တရားဝင်ပထမဦးဆုံး အသုံးပြုသည်။ ထိုအခြေအနေ အချိန်အခါတွင် ကမ္ဘာ၌ ကြီးမားသော ရွှေရှာဖွေတွေ့ရှိမှု များက ရွှေစံချိန်စနစ် ဆက်လက်တည်ရှိဖို့ အထောက်အကူပေးနေသကဲ့သို့ ရှိနေသည်။

                     နိုင်ငံတကာတွင်မူ နိုင်ငံများအကြား၌ ကုန်သွယ်မှုပြုရာတွင် မိမိတို့နိုင်ငံ၏ငွေကြေးတန်ဖိုးအတွက် ရည်ရွယ်ကာ ရွှေများ အမြောက်အများဝယ်ယူလာကြသည်။ နိုင်ငံတို့၏ (ဗဟိုဘဏ်တို့) ရွှေအမြောက်အများ ဝယ်ယူလာကြသည်မှာ ထိုအချိန်မှ စတင်ခဲ့ပြီး ယခုအချိန်အထိတိုင်အောင်ပင်ဖြစ်သည်။

                     နိုင်ငံတကာတွင်မူ ရွှေစံချိန်သည် ၁၈၇၁ ခုနှစ်တွင် စတစ်ဖြစ်ပေါ်လာခဲ့သည်။ ၁၉၀၀ ပြည့်နှစ်သို့ ရောက်သောအခါ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံအများစုသည် ရွှေစံချိန်ဖြင့် ချိတ်ဆက်ပြီးသားဖြစ်နေသည်။

                     ဤသို့ဖြင့် ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသည်။ ဤစစ်ကြီးကြောင့် နိုင်ငံတကာ ကြွေးမြီများ တိုးလာသည်။ အစိုးရတို့၏ ငွေကြေးအခြေအနေများ ပျက်စီး ယိုယွင်းမှုများ ဖြစ်လာသည်။ ရွှေစံချိန်မှာမူ ဆက်လက်ရျင်သန်ဆဲဖြစ်သည်။ သို့ရာတွင် ၁၉၂၉ ခုနှစ်သို့ ရောက်သောအခါ ကမ္ဘာတွင် မဟာစီးပွားပျက်ကပ်ကြီးနှင့် ကြုံတွေ့ကြရတော့သည်။ ဈေးကွက်များ ပြိုလဲကုန်သည်။ ကုန်စည်ဈေးနှုန်းများ ကျဆင်းသည်။ ဘဏ်များ အကြီးအကျယ် ဒုက္ခရောက်ကြရသည်။ နိုင်ငံများစွာတို့က အတိုးနှုန်းမြင့်မားစွာဖြင့် ရွှေစတော့ကိုကာကွယ်ရန် ကြိုးစားကြသည်။ ဤသို့ဖြင့် ၁၉၃၁ ခုနှစ်တွင် ကမ္ဘာ့စူပါ ပါဝါနိုင်ငံဖြစ်သော ဗြိတိန်သည် ရွှေစံချိန်စနစ်ကို ရပ်နားခဲ့ရတော့သည်။

                     ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသောအခါ အမေရိကန်သည် ကမ္ဘာ့စူပါ ပါဝါနိုင်ငံဖြစ်လာ သည်။ အမေရိကန်တို့ ဦးဆောင်ပြီး Bretten Woods System ကိုထူထောင်သည်။ ကမ္ဘာတွင် ရွှေစံချိန်ကို ထပ်မံထူထောင်ခြင်းဖြစ်သည်။ ၎င်းသည် ၁၉၄၄ မှ စတင်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် Bretten Woods System ပျက်သုန်းသွားခဲ့သည်။ (အဆိုပါ Bretten Woods System ပျက်သုန်းသွားရခြင်း အကြောင်းအရင်းကို ရှေ့က ကျွန်တော် ရေးသားဖော်ပြခဲ့ပြီးဖြစ်သော Currency Market စတင်ပေါ်ပေါက်လာပုံအကြောင်း ဆောင်းပါးတွင် ဖတ်ရှုလေ့လာကြည့်နိုင်ပါသည်။)

ရွှေဈေးတက်လာရသော အကြောင်းအရင်းများ

                     ဗဟိုဘဏ်များ - ဗဟိုဘဏ်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးအပြင် နိုင်ငံခြားငွေမာများ၊ ရွှေနှင့် အမေရိကန်ငွေတိုက်စာချုပ်များကိုပါ အရံအဖြစ်ထားရှိကြသည်။ မိမိလက်ဝယ်ရှိ အရန်ရွှေများကို ထုတ်ရောင်းသည်ထက် တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ စုဆောင်းလာနေကြသည်။

                     စီးပွားရေးမသေခြာမှုများ - စီးပွားရေးစနစ်သည် စီးပွားရေးစန်းပွင့်ချိန်၊ စီးပွားရေးနာဖျားချိန်၊ စီးပွားရေး အကျပ်အတည်းပေါ်ချိန်နှင့် စီးပွားရေး ဆုတ်ယုတ်ပျက်သုန်းချိန်တို့ ရှိတတ်သည်။ စီးပွားရေး စန်းပွင့်ချိန်မှတပါး ကျန်အချိန်များသည် စီးပွားရေးမသေခြာသော, မရေရာသော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ကာလများပင် ဖြစ်သည်။ ထိုကာလများတွင် ကျန်ငွေကြေး၊ asset များထက် ရွှေကို ကိုင်ထားရန် လူတွေက ပိုမိုနှစ်သက်တတ် ကြသည်။

                    ကမ္ဘာ့လက်ဝတ်ရတနာလုပ်ငန်းနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ - ကမ္ဘာ့တစ်နှစ်တာ ထွက်ရှိသော ရွှေတန်ချိန် အားလုံးတို့၏ ရာခိုင်နှုန်းအများဆုံးမှာ ကမ္ဘာ့လက်ဝတ် ရတနာလုပ်ငန်းသို့ ရောက်ရှိသွား ခြင်းဖြစ်သည်။ အိန္ဒိယ၊ တရုတ် ၊ အမေရိကန်တို့သည် ထုထည်ကြီးမားသော ရွှေလက်ဝတ်ရတနာ သုံးစွဲသည့် နိုင်ငံများဖြစ်သည်။ ၂၀၀၄ ခုနှစ် မတိုင်မီအထိ ရွှေအများဆုံးဝယ်ယူသော နိုင်ငံမှာ ကမ္ဘာတွင် အိန္ဒိယပြီးမှ တရုတ်ဖြစ်သော်လည်း ၂၀၀၇ ခုနှစ်မှ စတင်၍ တရုတ်ပြီးမှ အိန္ဒိယ ဖြစ်လာ သည်။ ရွှေနှင့်ငွေကို နိုင်ငံသားများ တရားဝင်ပိုင်ဆိုင်နိုင်စေရန် ၂၀၀၄ ခုနှစ်က တရုတ်နိုင်ငံတွင် ဥပဒေပြဌာန်း ပေးခဲ့သည်။ တပါတည်းပင် တရုတ်နိုင်ငံ၏ GDP ကလည်း တရှိန်တိုး တိုးတက်လာရာ တရုတ်ပြည်တွင် ရွှေဝယ်လိုအား လွန်စွာ မြင့်တက်လာမှုကြောင့် ကမ္ဘာ့ရွှေဈေး ထောင်တက်လာခဲ့ရသည်။ ကမ္ဘာ့ရွှေဈေးပြ Chart ကို လေ့လာကြည့်လျှင် ၂၀၀၅-၂၀၀၆ ခုနှစ်မှ စတင်ပြီး ရွှေဈေးအတက် Trend ကြီး ဖြစ်လာသည်ကို တွေ့ရမှာဖြစ်ပါသည်။ (Monthly Chart တွင်ကြည့်ပါ။)

                     ရွှေထုတ်လုပ်မှု- ကမ္ဘာတွင် ရွှေကို အဓိက ထုတ်လုပ်နေသော နိုင်ငံတို့မှာ တရုတ်၊ တောင်အာဖရိက၊ အမေရိကန်၊ ၊ သြစတြေးလျ၊ ရုရှားနှင့် ပီရူးတို့ပါဝင်သည်။ ၂၀၁၉ ခုနှစ်အကုန်အထိ ကောက်ယူရရှိထားသော ခန့်မှန်းစာရင်းအရ ကမ္ဘာမြေပေါ်တွင် ထုတ်လုပ်ပြီး ရွှေတန်ချိန် 197,576 တန်ရှိသည်။ ထိုအထဲမှ လက်ဝတ် ရတနာပစ္စည်းအနေဖြင့် 92,947 တန် 47.0% ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအနေဖြင့် 42,619 တန် 21.6% ၊ ဗဟိုဘဏ် ကဲ့သို့သော အစိုးရဌာနဆိုင်ရာတို့မှ ပိုင်ဆိုင်ထားမှု 33,919 တန် 17.2% ၊ အခြား 28,090 တန် 14.2% အသီးသီးတို့ ဖြစ်သည်။ မြေအောက်တွင် မတူးဖေါ် မထုတ်ယူရသေးသော ရွှေတန်ချိန်မှာ 54,000 တန်မျှရှိကြောင်း ဖေါ်ပြထားသည်။

                     အထက်ပါစာရင်းကိုကြည့်လျှင် မြေအောက်တွင် တူးဖေါ်ထုတ်လုပ်ရန် ကျန်ရှိသည့် ရွှေတန်ချိန်သည် နည်းပါးလာခဲ့ပြီဖြစ်သည်။ ရွှေမိုင်းတို့မှ တစ်နှစ် တစ်နှစ် ထုတ်လုပ်မှု ရွှေတန်ချိန်တို့မှလည်း ကျဆင်းနေသည်။ ရွှေတူးဖေါ်ထုတ်လုပ်ရန် ယခင်ကထက် ပိုမိုခက်ခဲလာနေသည်။ ရွှေမိုင်းတို့၏ ထုတ်လုပ်မှု စရိတ်များလည်း ကြီးမြင့်လာနေသည်။ ရွှေထုတ်လုပ်မှုကလည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်မှုများ ရှိနေသည်။

                     အထက်ပါအကြောင်းအချက်များကြောင့် ကမ္ဘာ့ရွှေဈေးမှာ တစ်နှစ်ထက်တစ်နှစ် ဈေးတက်လာရန်သာ ရှိကြောင်း ပညာရှင်များ ခန့်မှန်းသုံးသပ်နေကြခြင်းဖြစ်သည်။

                     သမိုင်းတလျောက် ပြန်ကြည့်လျှင် ရွှေကို အဖိုးတန် လက်ဝတ်ရတနာများအဖြစ် ဝတ်ဆင်ခဲ့သည်။ ငွေကြေးကဲ့သို့လည်း သုံးစွဲခဲ့သည်။ ကမ္ဘာ့ငွေကြေးစနစ်ကြီးအတွက်လည်း ကျောထောက်နောက်ခံပြုပေးရ သော အသုံးတော်ခံဘဝတွင်လည်း နေခဲ့ဖူးသည်။ ကြွယ်ဝမှု၏ ပြယုဂ်လည်း ဖြစ်သည်။ သိမ်းဆည်းသိုမှီထားရ သည့် အရာလည်းဖြစ်သည်။ ဘဏ်တွင် အပ်ထားပြီး ငွေထုတ်ချေးယူနိုင်စွမ်းလည်းရှိသည်။ (တခါက မြန်မာနိုင်ငံတွင် AWB Bank ၌ ထိုကဲ့သို့သော ဝန်ဆောင်မှုမျိုးပေးခဲ့ဖူးသည်။ AWB Bank သည် ၂၀၀၃ ခုနှစ်တွင် ပြိုသွားခဲ့ပြီးဖြစ်သည်။) ရွှေ Share များတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ ငွေဖောင်းပွမှုကို အကာအကွယ် ပေးနိုင်သည့် မသေခြာမရေရာသော အခြေအနေများ၊ ကြောက်လန့်စိုးရိမ်ရသည့် ကာလများတွင် ရွှေလက်ဝယ် ထားရှိခြင်းသည် လွတ်မြောက်ရာ ကောင်းကင်ဘုံပင်ဖြစ်သည်။ ရွှေရှိနေခြင်းသည် အချိန်မရွေး ငွေအဖြစ် ပြောင်းလဲနိုင်သည်။ ငွေဖြစ်လွယ်သည်။ ရွှေ၏ ဂုဏ်သတ္တိများကြောင့် ရွှေကို စက်မှုလုပ်ငန်းများတွင် အသုံးပြုနေရသည်။ အီလက်ထရွန်းနစ်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပပစ္စည်းတွင်လည်း ထည့်သွင်း အသုံးပြုနေရသည်။ ကုန်ထုတ်လုပ်သောလုပ်ငန်းရှင်တစ်ဦးအဖို့ မိမိစက်ရုံမှ ထုတ်လုပ်လိုက်သော ကုန်ပစ္စည်းများကို ဈေးကွက်ပေါက်အောင် အခြားသူထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် အထူးကြိုးစား ဆောင်ရွက်ရသော်လည်း ရွှေထုတ်လုပ်သော လုပ်ငန်းရှင်တစ်ယောက်အဖို့မူ ထွက်ရှိသော ရွှေများကို ရောင်းထွက်ရန် အထူးတလည်ကြိုးပန်း ဆောင်ရွက်နေရန် မည်သို့မျှမလိုအပ်ပေ။ ရွှေကို လိုချင်တပ်မက်မှု ကြောင့် အသည်းအသန်ရှာဖွေနေကြ တူးဖော်ထုတ်လုပ်နေကြသည်မှာ ရှေးကာလမှ ယနေ့အထိတိုင်အောင်ပင် ဖြစ်သည်။ ရွှေကြောင့်လည်း စစ်ပွဲဖြစ်ခဲ့ဖူးသည်။

                     ရွှေသည် လူတို့ကို အဓိပ္ပါယ်အမျိုးမျိုးပေးစွမ်းနေပေသည်။ အမျိုးမျိုးအထွေထွေ အဓိပ္ပါယ် ပေးစွမ်း နေသော ရွှေအပေါ်တွင် ကိစ္စကြီးငယ်အသွယ်သွယ်တို့က ကမ္ဘာ့နေရာအနှံ့တွင် အချိန်အခါမရွေး သက်ရောက်လျှက် ရှိနေကြသည်။ ကမ္ဘာ့ရွှေဈေးကို လျင်မြန်စွာ ဆွဲတင် ဆွဲချပြုနေကြသည်။

ကမ္ဘာ့ရွှေဈေးအပေါ် သက်ရောက်လျက်ရှိသော အကြောင်းအချက်များ 

                    အမေရိကန်ဒေါ်လာ - ကမ္ဘာတွင် ၁၉၄၄ မှ ၁၉၇၁ ခုနှစ်အထိ Bretten Woods System ခေါ် ရွှေစံချိန် စနစ်တစ်ခုကို ကျင့်သုံးခဲ့ကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထိုစနစ်ကျင့်သုံးစဉ်ကပင် ရွှေကို အမေရိကန်ဒေါ်လာနှင့် ပုံသေချိတ်ဆက်ထားခြင်းဖြစ်သည်။ Bretten Woods System ပျက်သုန်းသွားပြီး နောက်ပိုင်းတွင်လည်း ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာနှင့် အားကောင်းစွာ ချိတ်ဆက်ထားမြဲဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် အမေရိကန်ဒေါ်လာလောက် ကမ္ဘာ့ရွှေဈေးနှင့် အားကောင်းစွာချိတ်ဆက်ထားသော ငွေကြေးမျိုး မရှိခဲ့ဖူးပေ။

                     ထိုကဲ့သို့ ချိတ်ဆက်ရာ၌ ဆန့်ကျင်ဘက်အားဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ အားကောင်းလျှင် ရွှေဈေးကျပြီး အမေရိကန်ဒေါ်လာအားနည်းလျှင် ရွှေဈေးတက် တတ်သည်။

                     တဖန် အမေရိကန်ဒေါ်လာဈေးနှုန်းကို တက်စေသော/ကျစေသော အကြောင်းအချက်ပေါင်းမှာလည်း အချက် ၅၀ မျှ ရှိနေပြန်သည်။ ထိုအထဲတွင် အမေရိကန် သမ္မတ ပုံရိပ်၊ သမ္မတ ပြောဆိုသော စကားတစ်ရပ် သည်ပင် အမေရိကန်ဒေါ်လာဈေးနှုန်းကို တက်ခြင်း/ကျခြင်း ဖြစ်စေနိုင်သည်။ သာဓကအားဖြင့် ယခုလက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အာဏာရလာကာစတွင် ၎င်းက “ အမေရိကန်ဒေါ်လာသည် လိုအပ်သည် ထက် ပိုမာနေကြောင်း” ပြောကြားခဲ့ရာ မကြာခင်မှာပင် အမေရိကန်ဒေါ်လာဈေးနှုန်းများ ကျဆင်းသွားရတော့ သည်။

                     လက်လှမ်းမီသမျှ အမေရိကန်သမ္မတ (နောက်ဆုံး ၃ယောက်)ကြောင့် ရွှေဈေးတက်ခဲ့ရခြင်းများကို ကြည့်မည်ဆိုပါလျှင် သမ္မတဂျော့ဒဗလျူဘွတ်ရှ် လက်ထက်တွင် ၎င်း၏ သက်တမ်း 80 လ မြောက်၌ ကမ္ဘာ့ရွှေဈေးသည် 264.8% မြင့်တက်ခဲ့သည်။ သမ္မတ အိုဘားမားလက်ထက်တွင် ၎င်း၏ သက်တမ်း 31 လ မြောက်၌ ကမ္ဘာ့ရွှေဈေးသည် 98.5% မြင့်တက်ခဲ့ပြီး လက်ရှိသမ္မတဒေါ်နယ်ထရန့် လက်ထက်တွင် ယခုနောက်ဆုံး ရောက်ရှိနေသော 41 လ မြောက်၌ ကမ္ဘာ့ရွှေဈေးနှုန်းသည် 43.0% ထိ မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရှိရသည်။

                     အမေရိကန် ဗဟိုဘဏ်မှ ထုတ်ပြန်ချက်များ - အမေရိကန်ဗဟိုဘဏ်မှ တစ်နှစ်တာအတွင်း ထုတ်ပြန်ချက်အမျိုးမျိုးကို အချိန်ဇယားအလိုက် ထုတ်ပြန်လျက်ရှိသည်။ ဗဟိုဘဏ်မှ ထုတ်ပြန်သော အတိုးနှုန်း အပြောင်းအလဲသည် အမေရိကန် ဒေါ်လာကို အကြီးအကျယ်သက်ရောက်မှု ရှိတတ်သည်။ ထိုသို့ သက်ရောက်လိုက်သည့်အချိန်တိုင်း ရွှေဈေးကို ကြီးစွာ အတက်/အကျ ဖြစ်ပေါ်စေလေ့ရှိသည်။

                     အခြားထုတ်ပြန်ချက်များ ဖြစ်သော CPI, GDP, Unemployment Rate စသည်တို့သည်လည်း ထို့အတူပင်ဖြစ်သည်။

                     ဗဟိုဘဏ်များ - နိုင်ငံအသီးသီး၏ ဗဟိုဘဏ်တို့သည် အရံရွှေဝယ်ယူဖြည့်တင်းခြင်း၊ အရံရွှေများ ထုတ်ရောင်းခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိတတ်ကြသည်။ ပမာဏများစွာဖြင့် ဝယ်ယူခြင်း၊ ထုတ်ရောင်းခြင်း ပြုလုပ်လေ့ရှိသောကြောင့် ထိုအချိန်တွင် ကမ္ဘာ့ရွှေဈေးအပေါ် ရိုက်ခတ်မှုများ ရှိလာပြီး ဈေးနှုန်းအတက်အကျများကို ဖြစ်ပေါ်စေပေတော့သည်။

                     စီးပွားရေးမသေခြာမရေရာမှု - စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးအားကောင်းချိန် ဘဏ်အတိုးနှုန်းများ မြင့်တက်ချိန်တို့တွင် ရွှေဝယ်လိုအားကျဆင်းနေမည် ဖြစ်သော်လည်း စီးပွားရေးမသေခြာ မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် လူတို့မှာ ရွှေဝယ်ယူမှုများပြားလာမည် ဖြစ်သဖြင့် ရွှေဈေးတက်နေမှာဖြစ်သည်။ ပြီးခဲ့သော အမေရိကန် တရုတ် ကုန်သွယ်ရေးစစ်ဖြစ်ပွားမှု၊ ယခု Covid-19 ကပ်ရောဂါ ကျရောက်မှုတို့က သာဓကများ ဖြစ်သည်။

                     ကမ္ဘာ့လက်ဝတ်ရတနာ ရွှေထည်လုပ်ငန်း၏ ဝယ်လိုအား - တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့၏ရွှေထည် လုပ်ငန်းများ၏ ဝယ်လိုအားသည် ကမ္ဘာ့ရွှေဝယ်လိုအား၏ ထက်ဝက်မျှရှိပေသည်။ အဆိုပါ လုပ်ငန်းများ၏ ဝယ်လိုအား တက်လာချိန်တွင် ရွှေဈေးတက်တတ်သည်။ မုတ်သုန်မိုးသည် ကမ္ဘာ့ရွှေဝယ်လိုအား အတက်အကျကို ဖြစ်စေနိုင်သည်။ မုတ်သုန်မိုးကောင်းပါလျှင် အိန္ဒိယ လယ်သမားတို့ ဆန်ရေစပါး အရများပြီး ရွှေဝယ်လိုအား တက်တတ်သည်။ မုတ်သုန်မိုးမကောင်း ၊ မိုးခေါင်သည့် နှစ်များတွင် ရွှေဝယ်လိုအား လျော့နည်း တတ်လေသည်။

                     ရွှေရှယ်ရာများကို အဓိကအရောင်းအဝယ်ပြုသော Fund များ - Electronic – Traded Funds များ ဖြစ်သည်။ ၎င်းတို့ရောင်းဝယ်ကြသော ရွှေဈေးနှုန်းမှာ ဈေးကွက်ထဲတွင်ဖြစ်ပေါ်နေသော လက်ရှိပေါက်ဈေး အတိုင်းပင်ဖြစ်သည်။ Fund ဟူသော သဘောတရားအတိုင်း ရောင်းအားဝယ်အား ကြီးမားကြသည်။ ထို့ကြောင့် ၎င်းတို့၏ ရောင်းအားဝယ်အားသည် ရွှေဈေးအပေါ် သက်ရောက်မှုရှိသည်။ သို့ရာတွင် ကမ္ဘာ့ရွှေဈေးအပေါ် သက်ရောက်လျှက်ရှိသည့် အကြောင်းအချက်များ အားလုံးထဲတွင်မူ သက်ရောက်မှု အနည်းဆုံးသာဖြစ်သည်။

                     ကမ္ဘာ့ရွှေဈေး၏ တက်/ကျ သွားလာပုံ သဘောတရားနှင့် မြန်မာပြည်က Broker ကုမ္ပဏီများ - Trading လောကတွင် ငွေကြေးအတွဲများ၊ ရွှေအပါအဝင် ကုန်စည်အတွဲများ၊ Crypto Currency အတွဲများ စုံလင်အောင် ရရှိနိုင်သည်။ ၎င်းတို့၏ တက်ကျ သွားလာပုံများကို Chart များဖြင့်ပြသထားကြသည်။ အနာဂါတ်တွင် ဈေးနှုန်းမည်ကဲ့သို့ သွားလာလိမ့်မည်ကို FA ပညာ၊ TA ပညာ ၂ ရပ်ဖြင့် ခန့်မှန်းခြင်းပြုကြသည်။ TA ပညာပိုင်းအရ ကြည့်သောအခါ ပြည့်စုံသော Chart တစ်ခုကို တွေ့မြင်ရလျှင် မည်သည့် Chart ကိုမဆို TA ပညာဖြင့် ကြည့်ရှု့ခန့်မှန်း သုံးသပ်နိုင်စွမ်းကြပါသည်။ TA ပညာကို အထူးကျွမ်းကျင်ပိုင်နိုင်ပါလျှင် မည်သည့် အတွဲကိုမဆို အနာဂါတ်မှာ သွားလာမည့် ဈေးနှုန်းလှုပ်ရှားပုံကို အနီးစပ်ဆုံး မှန်အောင် ခန့်မှန်းနိုင်ကြပါသည်။ သို့သော် - သာမန်ငွေကြေးအတွဲတစ်တွဲနှင့် ရွှေအတွဲ (XAUUSD)တို့ ခန့်မှန်းသုံးသပ်ရာတွင် အတူတူဟု ထင်မှတ်ယုံကြည်ပါလျှင် မှားသွားမှာ ဖြစ်ပါသည်။ သာမန်ငွေကြေးအတွဲတစ်တွဲ၏ ဈေးနှုန်းအတက်အကျ အကြောင်းတရားတို့သည် ၎င်းငွေကြေးတို့၏ သက်ဆိုင်ရာ နိုင်ငံနှစ်နိုင်ငံတို့၏ အကြေင်းတရားများလောက်ကို သာ ထည့်သွင်းစဉ်းစား၍ ပြီးစီးနိုင်ပါသည်။ ရွှေအတွက်တွင်မူ အထက်က ရှင်းပြခဲ့သလို(ကမ္ဘာ့ဖြစ်ရပ်) သက်ရောက်မှုမျိုးစုံက အချိန်မရွေးကျရောက်လာတတ်သည့် သဘောရှိပါသည်။ အရောင်းအဝယ်ပြုလုပ်ရာ တွင် ရွှေက ငွေကြေးအတွဲတို့ထက် ပိုမိုခက်ခဲသည့် သဘောရှိပါသည်။

                     မြန်မာပြည်တွင် Broker ကုမ္ပဏီများကို ၂၀၁၄ ခုနှစ်လောက်မှ စတင်ကာ တွေ့ရှိလာရပါသည်။ မြန်မာပြည်မှ Broker ကုမ္ပဏီ တော်တော်များများသည် Client အသစ်များ ရှာဖွေရာ၌ Gold-ရွှေ ရောင်းဝယ် ရေးသင်တန်းဟု အစချီပြီး Promotion လုပ်ကြသည်ကို တွေ့ရပါသည်။ မြန်မာတွေက FX ကို ဘာမှန်းမသိကြ သဖြင့် မြန်မာတွေ အလွယ်တကူသိနိုင်သော ရွှေကိုညွှန်းဆိုကြရာမှ XAUUSD ရောင်းဝယ်ပုံကို သင်ကြားပြသပေးဖြစ်သွားကြပါသည်။

                     ကျွန်တော့် Trading သက်တမ်းတစ်လျှောက်တွင် ရွှေအတွဲကို ရောင်းဝယ်မိကြပြီး သိန်း ၅၀ ရှုံး၊ သိန်း ၂၀၀ ရှုံး ဖြင့် Trading လောကမှ အပြီးတိုင် ထွက်သွားရသူတွေ အတွေ့ရများခဲ့ပြီး ဖြစ်ပါသည်။

                     Trading သည် လွယ်ကူသော အလုပ်မဟုတ်ပါ။ ထိုအထဲတွင် ရွှေက အခက်ဆုံး ဖြစ်ပါသည်။ ရွှေကို Long Term တွင် အရောင်းအဝယ်လုပ်မည်ဆိုပါက Experienced Trader များအတွက်လွယ်ကူပါသည်။ Short Term တွင်မူ တော်တန်ရုံဖြင့် အဆင်မပြေနိုင်ပါ။ ဘယ် Resistance တန်းကို မကြာခင် ဖေါက်တော့မည်ဟု ဆိုခဲ့ပြီးနောက် မဖေါက်တော့ဘဲ ၅ မိနစ်အတွင်း ၁၅ ဒေါ်လာမျှ ပြုတ်ကျသည်မျိုး မကြာခဏ ကြုံကြရတတ်ပါသည်။

                     Broker ကုမ္ပဏီများသည် Newbies များကို ရွှေအရောင်းအဝယ်ဖြင့် မစသင့်ပါ။ မကြော်ငြာသင့်ပါ။ သူတပါး၏စီးပွားဥစ္စာကို ဖျက်လိုဖျက်ဆီး ပြုလုပ်လိုခြင်းလည်းမဟုတ်ပါ။ Client တို့မရှုံးမှ , အမြတ်ရမှ မိမိထံမှာ ဖောက်သည် တည်မြဲနေမှာဖြစ်သည်။ Client အနေဖြင့် Account ပြုတ် အရင်းပြုတ်သွားလျှင် မိမိထံမှာ အရောင်းအဝယ် ပြုလုပ်ကြတော့မှာ မဟုတ်ပါ။ ထိုအခါ Broker ကုမ္ပဏီ အနေဖြင့် ဖေါက်သည်အသစ် ထပ်မံရှာဖွေကြရပြန် ဦးမှာ ဖြစ်ပါသည်။ ရိုးရိုးငွေကြေးအတွဲများကို သင်ကြားပြသ အရောင်းအဝယ်ပြုလုပ်ကြစေခြင်းဖြင့် Client များလည်း အောင်မြင် Broker ကုမ္ပဏီများလည်း အောင်မြင်ကြမှာ ဖြစ်ပါသည်။

                     ဤအရာသည်ပင် ကျွန်တော်၏ စေတနာပင်ဖြစ်ပါတော့သည်။ ဤအရာသည်ပင် ကျွန်တော်ဤ ဆောင်းပါးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်ဖြစ်ပါသည်။

                     အချက်အလက်များ ပြည့်စုံအောင် ကျွန်တော်အားထည့်ခဲ့ရပါသည်။ Trading လောက၏ ပြင်ပမှ ပုဂ္ဂိုလ်များလည်း ဗဟုသုတရစေ၊ မြန်မာပြည် Trading လောကထဲမှ ပုဂ္ဂိုလ်များလည်း အောင်မြင်စေလို၍သာ ဖြစ်ပါတော့သည်။

မေတ္တာဖြင့်…..

                             ဦးခိုင်ဇင်ဝင်း ၂၃.၆.၂၀၂၀ ရက်နေ့

(စာကိုး _ ဤဆောင်းပါးပါ အချက်အလက် အနည်းငယ်ကို ဆရာမင်းအောင်မင်း၏ “ ရွှေ၊ ဒေါ်လာနှင့် ကမ္ဘာ့ ငွေကြေးဈေးကွက်အတွင်း လှုပ်ရှားမှုများ” စာအုပ်မှ မှီငြမ်း ပြုပါသည်။)



#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency