(အတွေ့အကြုံမှတ်စု)

             (က) သတင်းထုတ်ပြန်လိုက်သည်နှင့် ဈေးနှုန်းသည် ဦးတည်ရာ တဘက်တည်းသို့သာ စတင်ထွက်ခွာခြင်း _ (အချို့မှာ ၃, ၄ နာရီအတွင်း နောက်ပြန်မလှည့်ခြင်း၊ အချို့မှာ ၃, ၄ ရက်အထိ / တခါတရံ ထိုမျှမက ဦးတည်ရာတဘက်တည်းသို့သာ သွားနေခြင်း) (ထိုအတောအတွင်း နောက်ပြန်လှည့်သော်လည်း ခေတ္တခဏသာ ဖြစ်ပြီး မူလလမ်းကြောင်းအတိုင်းသာ ဆက်လက်သွားနေခြင်း) ထိုအခြေအနေမှာ ရောင်းသူ ဝယ်သူများ အလွန်နှစ်သက်သော အခြေအနေဖြစ်သည်။

             (ခ) သတင်းထုတ်ပြန်လိုက်သည်နှင့် ဈေးနှုန်းသည် ၁ နာရီ - ၂ နာရီလောက်အထိသာ ဦးတည်ရာတဘက် တည်းသို့ သွားနေပြီး အမှတ်တစ်ခုသို့ ရောက်သောအခါ မူလလမ်းကြောင်းမှ လုံးဝနောက်ပြန်လှည့်သွားခြင်း၊ မူလလမ်းကြောင်းသို့ ပြန်မလာတော့ခြင်း   _ ရောင်းသူဝယ်သူတို့ အချိန်ရသဖြင့် အကျိုးအမြတ်လည်းရသော ကြောင့် ကြိုက်နှစ်သက်သည့် အခြေအနေဖြစ်သည်။

             (ဂ) သတင်းထုတ်ပြန်လိုက်သည်နှင့် ၅ မိနစ်အတွင်း အတက်ဖက်ရော အကျဖက်သို့ပါ အရှိန်ပြင်းစွာ ရိုက်ခတ် လှုပ်ရှားသွားခြင်း, ပြီးမှ ဦးတည်ရာ တဘက်ဘက်သို့ ဖြည်းဖြည်းမှန်မှန် ထွက်ခွာသွားခြင်း _ ၅မိနစ်အတွင်း အတက်ရောအဆင်းပါ ပွိုင့် ၃-၄ဆယ် (တခါတရံ ထို့ထက်ပိုတတ်ပါသည်။) ရိုက်ခတ်သွားခြင်းမျိုး ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်လာသောအခါ Buy ဝင်ထားသူရော Sell ဝင်ထားသူပါ ထိုမျှမက တစ်ဦးတည်း Buy ရော Sell ရော တပြိုင်တည်း ခွဝင်ထားသူပါ အားလုံး ဆုံးရှုံးကြရသည်။ ထိုသို့သော အဖြစ်မျိုးကို Trader တိုင်း ကြောက်ကြသည်။ ထိုသို့သော အဖြစ်မျိုးကို Trader တိုင်း မကြုံတွေ့လိုကြချေ။

အထက်ပါ အခြေအနေသုံးမျိုး အဘယ်ကြောင့် ဖြစ်ရပါသနည်း ?

             (က) အခြေအနေဖြစ်ရသည်မှာ _ ဈေးနှုန်းရောက်ရှိနေသော နေရာနှင့် ဈေးနှုန်းနောက်ပြန်လှည့်ရမည့် အမှတ်, နေရာ, မျဉ်းတို့သည် ဝေးကွာလွန်း (ပွိုင့် ၃.၄.၅ ရာ မျှ ကွာဝေး) နေသောကြောင့် ဖြစ်ပါသည်။ ဈေးနှုန်း သည် နဂိုကတည်းက (သတင်းထုတ်ပြန်ချိန် မတိုင်မီကတည်းက) အဆိုပါ ဝေးကွာနေရာသို့ ဦးတည်၍ သွားနေခြင်းဖြစ်သည်။ ထိုအခြေအနေတွင် သတင်းထုတ်ပြန်လိုက်သောအခါ အရှိန်တစ်ခုထပ်ရပြီး (တွန်းအားတစ်ခု ထပ်ရပြီး) ဦးတည်ထားရာနေရာသို့ ဆက်လက်သွားရောက်ခြင်းသာ ဖြစ်သည်။ မည်မျှပင် ကြီးမားသော Data ကြီးဖြစ်စေကာမူ ထုတ်ပြန်လိုက်ချိန်တွင် အရှိန်အဟုန်တစ်ခုဖြင့် မူလဦးတည်ရာ လမ်းကြောင်းအတိုင်း ထပ်မံ ဆောင့်ထွက်သွားမည်ဖြစ်သော်လည်း ၎င်း၏ရည်မှန်းချက်နေရာနှင့် ဝေးကွာလွန်း နေသောကြောင့် အတက်အကျ အလှုပ် အခတ်များ မဖြစ်ပေါ်နိုင်တော့ပေ။

             (ခ) အခြေအနေဖြစ်ရသည်မှာ _ ဈေးနှုန်းယခုရောက်ရှိနေသောနေရာ (Data မထုတ်ပြန်မီကလေး အခြေအနေ)သည် ၎င်းနောက်ပြန်လှည့်ရမည့်နေရာနှင့် Pt.40.50 မျှလိုနေသေးခြင်း၊ ထုတ်ပြန်လိုက်သော Data ကလည်း လွန်စွာအားမကောင်းခြင်းတို့ ဖြစ်သောအခါမျိုးတွင် ဖြစ်လေ့ရှိပါသည်။ ထိုအခြေအနေတွင် ထုတ်ပြန်လိုက်သော Dataက Data ကြီးဖြစ်ခြင်း၊ လွန်စွာအားကောင်းနေခြင်းတို့ ဖြစ်ပါက 30 minutes, 1 hour လောက်တွင် နောက်ပြန်လှည့်ရမည့် Target သို့ ရောက်ရှိသွားပြီးနောက်, နောက်ပြန်လှည့်သွားမည် ဖြစ်ပေသည်။ ထို့ကြောင့် 30m , 1h တို့တွင် Candle အပြည့်မြင်ရမည်ဖြစ်သော်လည်း 2h, 4h တို့တွင် wick ကိုသာ မြင်ရမည်ဖြစ်သည်။ အချိန်ကောင်းစွာရသဖြင့် အကျိုးအမြတ်ကောင်းစွာ ရနိုင်ပါသည်။ လောဘတစ်ကြီးဖြင့် ဆက်တက်နိုး ဆက်တက်နိုးဖြင့် စောင့်ဆိုင်းနေလျှင် ပြန်ရှုံးနိုင်, အမြတ်နည်းသွားနိုင်ပေသည်။ ထိုအခြေအနေတွင် Target Point ကို ကြိုသိအောင် လုပ်ထားနိုင်မှုသည် အသက်ခန္ဓာကဲ့သို့ အရေးအကြီးဆုံးပင်ဖြစ်သည်။

             (ဂ) အခြေအနေဖြစ်ရသည်မှာ _ ဈေးနှုန်းယခုရောက်ရှိနေသောနေရာ (Data မထုတ်ပြန်မီ အခြေ အနေသည် ၎င်းနောက်ပြန်လှည့်ရမည့်နေရာနှင့် Pt 20.30 မျှသာ လိုတော့ခြင်း၊ ထုတ်ပြန်လိုက်သော Data က လွန်စွာ အားကောင်းလွန်းခြင်းတို့ ဖြစ်သောအခါမျိုးတွင် ဖြစ်လေ့ရှိပါသည်။ Data ဦးတည်ရာ အရပ်မှာ မူလဦးတည်ရာအရပ် (Data မထုတ်ပြန်မီ ဈေးနှုန်းသွားနေသော ဦးတည်ရာအရပ်) မှ ပြောင်းပြန်အရပ်သို့ ဖြစ်သော်လည်း အမှန်တကယ် ၎င်းနောက်ပြန်လှည့်ရမည့် Support / Resistance မျဉ်းသို့ မရောက်သေး သဖြင့် 5 minutes အတွင်း လိုနေသော Pip 20.30 မျှကိုလည်း ဖြည့်ပေးလိုက်ပြီး မူလလမ်းကြောင်းကြီး (Data မထုတ်ပြန်မီ ဦးတည်ထားသော လမ်းကြောင်းကြီး)မှ ပြောင်းပြန် ပြန်ဆင်း/ ပြန်တက် ပြုလုပ်သွားသောအခါ မျိုးတွင် ဖြစ်ပေါ်လေ့ရှိပါသည်။ ထို့ကြောင့် 5 minutes အတွင်း wick ကြီးများ ဖြစ်ပေါ်သွားခဲ့ခြင်း ဖြစ်ပါသည်။

             ထို့ကြောင့် Data Release မတိုင်မီ (၁) ဈေးနှုန်းသည် မည်သည့်ဘက်သို့ ဦးတည်နေသနည်း (၂)ယခုဈေးနှုန်း ရောက်ရှိနေသောနေရာမှ ၎င်းသွားရောက်မည့် Suport/Resistance မျဉ်းနေရာများ မည့်သည့်နေရာတွင် ရှိနေကြသနည်း စသည့်မေးခွန်းများကို အမှန်ကန်ဆုံးဖြစ်အောင် ဂရုစိုက်ရှာဖွေပါ။ ယခုဈေးနှုန်းရောက်ရှိနေသောနေရာမှ Support / Resistance မျဉ်းနေရာများနှင့်ဝေးလျှင် အေးဆေးပါ။ Order ကို ကြိုဝင်ထားလျှင်လည်း ရပါသည်။ မနီးမဝေးအခြေအနေနှင့် နီးကပ်နေသည့် အခြေအနေတို့တွင် အထူးဂရုစိုက်ရပါမည်။ ထိုအခြေအနေတွင် order ကို ကြိုဝင်မထားသင့်ပါ။ Pt 20 မျှလောက်သာ ကွာဝေးတော့ ပါက လုံးဝ ကြိုတင်မဝင်သင့်ပါ။

             Data မထုတ်ပြန်မီတွင် ထုတ်ပြန်မည့် Data ပြင်းအား အခြေအနေကိုကြည့်ပါ။ ဥပမာ. FOMC လား, CPI လား, PPI စသည်တို့ကို ခွဲခြားကြည့်ရှုထားပါ။ ပြီးနောက် Data ထုတ်ပြန်လိုက်ချိန်တွင် ထွက်ပေါ်လာသော ကိန်းဂဏန်းကို ဖတ်ကြည့်ပြီး ပြင်းအား ပျော့အားတို့ကို ထပ်မံခွဲခြားပိုင်းဖြတ်ပါ။ Support, Resistance တို့ကို ထိမှန်ပြီး ပြန်တက်/ပြန်ဆင်း ပြီးသောအခါမှ ဈေးကွက်ထဲသို့ ဝင်ရောက်ပါ။

             ထုတ်ပြန်ကြေငြာသော Data သည် Data ကြီးဖြစ်သည့်တိုင်အောင်, ထို့အပြင်ထွက်ပေါ်လာသော ကိန်းဂဏန်းသည် အားကောင်းသော ကိန်းဂဏန်းဖြစ်သည့်တိုင်အောင် Data ထုတ်ပြန်လိုက်သည့်နောက်ပိုင်း ဈေးနှုန်းသည် မည်သို့မျှ သိသိသာသာ ပြောင်းလဲ လှုပ်ရှားမှုများ မဖြစ်ပေါ်သည့်အခါများလည်း များစွာရှိတတ်ပါသည်။ Chart ကို ပိုင်နိုင်လွန်းသူ တစ်ယောက်သည် ယခု Data ထုတ်ပြန်ပြီးသောအခါ ဈေးနှုန်းသည် အားကောင်းစွာနှင့် သွားမှလား မသွားဘူးလား/ မည်သည့်ဘက်သို့ ဦးတည်သွားရောက်မည်လဲ ဆိုသည်ကို ကြိုပြောပြနိုင်စွမ်းရှိပါသည်။ ယခုဈေးနှုန်းရောက်ရှိနေသောနေရာ, Chart Pattern များ , Chart ၏ စုဖွဲ့မှုများ ကို ကြည့်ပြီး ပြောနိုင်ခြင်း ဖြစ်ပါသည်။ Chart က ဖြစ်ရပ်တို့ထက်စော၍ ပြသည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါ သည်။

             Trader တို့သည် ဤကဲ့သို့သော အဆင့်အထိ ရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရမှာ ဖြစ်ပါသည်။

(မှတ်ချက်။ အထက်က ဖေါ်ပြခဲ့သော ဈေးနှုန်းသွားလာသည့် ကြာချိန်နှင့် အကွာအဝေး Pips များကို စာပုဒ်များတွင် ဖေါ်ပြထားသည့်အတိုင်း ပုံသေမမှတ်ယူစေလိုပါ။ ဈေးနှုန်းသွားလာတတ်မှု သဘောတရားကို သာ အဓိက မှတ်ယူစေလိုပါသည်။)

မေတ္တာဖြင့် - ဦးခိုင်ဇင်ဝင်း

                         28.6.2020 ရက်နေ့

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency