အောင်မြင်သော Trader တစ်ယောက်ဖြစ်ဖို့ _

            1. ထိရောက်ထက်မြတ်သော Trading System

             2. အားကောင်းသော ငွေကြေးစီမံခန့်ခွဲမှု

             3. ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုတို့ လိုအပ်ပါသည်။

            အောင်မြင်သော ရောင်းဝယ်ရေးတွင် မရှိမဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်မှာ စိတ်ပိုင်း ဆိုင်ရာသဘောထားပင်ဖြစ်သည်။ Trader တစ်ယောက် ရောင်းဝယ်မှုပြုနေစဉ် အတောအတွင်း ဖြစ်ပေါ်နေသော စိတ်ခံစားချက်ကို ဆိုလိုရင်းဖြစ်သည်။ ထို့ထက်ပို၍ အသေးစိတ်ကျကျ ချဉ်းကပ် ကြည့်မည်ဆိုလျှင် _

             - Trader ၏ ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ခြင်း

             - Trader ၏ လောဘကို ထိန်းချုပ်ခြင်း

             - Trader ၏ စည်းကမ်းလိုက်နာမှု ဆိုသည်တို့ကို တွေ့ရပေမည်။

ရောင်းဝယ်မှုပြုခြင်း  

            ရောင်းဝယ်မှုပြုခြင်းသည် အလွန်ပင်ရင်ခုံဖွယ်ရာ ကောင်းပါသည်။ ရောင်းဝယ်နေစဉ် ရင်ခုန် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်နေရင်းမှ အမြတ်ရအောင် ဆောင်ရွက်ရသည်မှာ လွန်စွာခက်ခဲပါသည်။ အောင်မြင်သော Trader တစ်ယောက်ဖြစ်ဖို့ရာ သံမဏိစည်းကမ်းကို အထူးလိုက်နာဖို့ လိုအပ်မှာ ဖြစ်သည်။

ရောင်းဝယ်နေစဉ် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသနာများနှင့် ၎င်းတို့ ဖြစ်ပေါ်လာ ရသော အကြောင်းတရားများ

             ရောင်းဝယ်နေစဉ် အရှုံးကို ကြောက်ရွံ့ပြီး ရပ်တန့်လိုက်ခြင်း (သို့မဟုတ်) (ဆက်ရှုံးမှာကို ကြောက်ရွံ့ပြီး) အရှုံးဖြင့် ရပ်တန့်လိုက်ခြင်း-   Trader တို့ ဖြစ်နေကျ ဖြစ်ရပ်များပင်ဖြစ်သည်။ Trader ၏ စိတ်အခြေအနေသည် အရှုံးအမြတ်ကို စွန့်စားရသည့် သဘောရှိသည်။

            ရောင်းဝယ်နေစဉ် အလျင်စလိုထွက်ပစ်ခြင်း-   စိုးရိမ်သောကကို သက်သာစေရန် အလို့ငှာ အရောင်းအဝယ်ပြုလုပ်နေရာမှ (အလျင်စလို) ထွက်ပစ်ခြင်းဖြစ်သည်။ ဈေးနှုန်းသည် မိမိမျှော်မှန်း ထားသည့်ဘက်သို့ မသွားတော့ဘဲ ပြန်လှည့်လာချိန်တွင် ကြောက်ရွံ့လာပြီး ထွက်ပစ်ခြင်းဖြစ်သည်။ (ရုတ်တရက်) အခိုက်အတန့်လေး တစ်ခုအတွင်း စိတ်ဆန္ဒအလိုကျ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

             အရှုံးပေါ် အရှုံးဆင့်(ရှုံးပြီးရင်းရှုံး)-    (ပျမ်းမျှရလာဒ် ကျဆင်းလာခြင်း) ရှုံးနိမ့်လိုသော ဆန္ဒက မရှိသော်လည်း ရှုံးပြီးရင်းရှုံး ၊ ထပ်ခါထပ်ခါရှုံးနေရခြင်း။

             ဆန္ဒနှင့် မျှော်လင့်ချက်-    ပြုလုပ်နေသော အရောင်းအဝယ်ကို မထိန်းချုပ်မကြီးကြပ်လိုတော့ ခြင်း၊ သို့မဟုတ် ၊ ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်ခြင်း၊ လက်ရှိဈေးကွက်၏ အခြေအနေကို လက်ခံနိုင်စွမ်း မရှိတော့ခြင်း။

            ဈေးကွက်အတွင်းသို့ မဝင်ရလျှင်မနေနိုင်ခြင်း-   ဈေးကွက်သွားလာနေပုံကို ကြည့်ပြီး စိတ်လှုပ် ရှားလာကာ ဈေးကွက်အတွင်းသို့ ဝင်လိုသည့်စိတ် (အရောင်းအဝယ် order ထည့်လိုစိတ်) ကို ထိန်းချုပ်နေရခြင်း၊ လောင်းကစားကို ဆေးစွဲနေသူလို စွဲမက်နေသည့် ပုံစံမျိုး ဖြစ်နေခြင်း။

             အရောင်းအဝယ် မြတ်စွန်းပြီးသကာလ အလွန်အမင်းပျော်ရွှင်နေခြင်း-   ဈေးကွက်အပေါ်တွင် အထိန်းအသိမ်းမဲ့ ၊ အထိန်းအကွပ်မဲ့ ခံစားခြင်း။

            အကန့်အသတ်ဖြင့်သာ အမြတ်ယူခြင်း-    အောင်မြင်သူတစ်ယောက်အဖြစ် မထိုက်တန်ခြင်း၊ ငွေကြေး သို့မဟုတ် အမြတ်အစွန်းတို့နှင့် မထိုက်တန်ခြင်း၊ ဒီလောက်အမြတ်အစွန်းကြီး ခံစားရဖို့ ငါနှင့်မထိုက်တန်ပါဘူးဟု ကိုယ့်ဟာကိုယ် ယူဆနေခြင်း။

            ပွဲတွေ့ , လက်တွေ့ အောင်မြင်နေသော Trading System ကို မကျင့်သုံးခြင်း-   ဤပွဲတွေ့ / လက်တွေ့အောင်မြင်နေသော ရောင်းဝယ်ရေးစနစ်က (မလုပ်မဖြစ်) အလုပ်ဖြစ်သည်ဟု မယုံကြည်ခြင်း၊ အဆိုပါ စနစ်ကို ကောင်းစွာမစမ်းသပ်ခြင်း၊ အဆိုပါ စနစ်မှာ သင်၏ အရည်အသွေးနှင့် ကိုက်ညီမှု မရှိခြင်း၊ ရောင်းဝယ်ရာတွင် ပိုမိုစိတ်လှုပ်ရှားနေခြင်း၊ အောင်မြင်သော ရောင်းဝယ်ရေးစနစ်/ နည်းလမ်းကို ရွှေးချယ်ရန် သင့်တွင် စွမ်းရည်မရှိဟု ထင်နေခြင်း။

             အရောင်းအဝယ်ပြုလုပ်ရန် အလွန်အကျွံ တွေးတော/တွေးဆနေခြင်း-    ရှုံးမှာ ကြောက်နေခြင်း၊ မှားမှာ ကြောက်နေခြင်း၊ သေခြာတာ ဘယ်မှာမှ မရှိနိုင်သော်လည်း သေခြာတာကိုသာ ရှာဖွေနေမိခြင်း၊ ရောင်းဝယ်မှု တစ်ခုတိုင်းသည် ရလာဒ်ကို အသေအခြာ မသိနိုင်ခြင်းနှင့် အရှုံးဆိုသည်မှာ အရောင်းအဝယ်တိုင်းတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေသည်ကို နားမလည်ခြင်း၊ ရောင်းဝယ်မှုတွင် အန္တရာယ်ရှိသည်/ ကြိုမမြင်ရနိုင်သည်ကို လက်မခံနိုင်ခြင်း။

            သင့်တင့်မျှတသော Position Size ဖြင့် အရောင်းအဝယ်မပြုလုပ်ခြင်း-    အရောင်းအဝယ်သည် မြတ်မှာသာဖြစ်သည်ဟု အိပ်မက်, မက်နေခြင်း၊ အန္တရာယ်ရှိသည်ကို အပြည့်အဝ သတိမထားခြင်း၊ Money Management ၏ အရေးပါမှုကို နားမလည်ခြင်း၊ သင်၏ အရှုူံး/အန္တရာယ်ကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရမည်ကို ငြင်းဆန်နေခြင်း၊ သတိမထားမိဘဲ ဖြစ်နေခြင်း။

             အလွန်အကျွံရောင်းဝယ်ခြင်း-    ဈေးကွက်ကို အနိုင်ယူလိုခြင်း၊ လောဘကြီးနေခြင်း၊ ပြီးခဲ့သော အရှုံးကြွေးကို ပြန်ဆပ်လိုခြင်း၊ ဈေးကွက်ကို တွေ့ရလျှင် ရင်ခုန်စိတ်လှုပ်ရှားခြင်း၊ (ဈေးကွက်အတွင်း သို့ မဝင်ရလျှင် မနေနိုင်သည့် ပုံစံဖြစ်နေခြင်း။)

            ရောင်းဝယ်ရမှာကြောက်ရွံ့နေခြင်း-    ရောင်းဝယ်မှုစနစ်ကို နေရာချထားမှု မပြုခြင်း၊ (ရောင်းဝယ်ရေးစနစ်ဖြင့် ချိန်ထိုးမကြည့်ခြင်း၊) ဆုံးရှုံးရမှာကို တွေးကြောက်ပြီး အဆင်မပြေဖြစ်နေခြင်း၊ (အတိတ်က) ဆုံးရှုံးခဲ့ရမှုများကြောင့် ရောင်းဝယ်ရမှာကို ကြောက်ရွံ့နေခြင်း၊ (ရှုံးသဖြင့်) လှောင်ပြောင်ခံရမှာ , အထင်အမြင်အသေးခံရမှာ ကြောက်ရွံ့နေခြင်း။

             ရောင်းဝယ်ရေး တစ်နေ့တာပြီးဆုံးသွားသောအခါ စိတ်ကသိကအောက် ဖြစ်ကျန်ခဲ့ခြင်း-    စိတ်ပိုင်းဆိုင်ရာ ခံစားချက်သည် Roller Coaster စီးရသကဲ့သို့ပင်ဖြစ်သည်။ အနိမ့်အမြင့် အတက်အကျ ဖြစ်ပေါ်သည်။ ဒေါသဖြစ်လိုက်၊ ကြောက်လိုက်၊ လောဘဖြစ်လိုက်ဖြင့် တလှည့်စီ ဖြစ်ပေါ်လေ့ရှိသည်။ အရောင်းအဝယ်၏ အကျိုးအမြတ်ရလာဒ်အပေါ် အထူးအာရုံစိုက်ခြင်း၊ ဈေးကွက်, ဈေးနှုန်းတို့၏ ဖြစ်စဉ်သဘာဝနှင့် ၎င်းတို့၏အပေါ် ပိုင်နိုင်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မှုတို့အပေါ် အာရုံမစိုက်ခြင်း၊ ငွေကြေးအကျိုးအမြတ်အပေါ်သာ အလေးပေးခြင်း၊ အရောင်းအဝယ်အပေါ်မှာ သဘာဝမကျသော မျှော်ကိုးချက်ထားရှိခြင်း။

             အရောင်းအဝယ်ပြုလုပ်နေသော (Account ထဲမှ ) ငွေကို အရှုံးမခံနိုင်ခြင်း (သို့မဟုတ်) ချေးငှားရယူထားသော ငွေဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း-    နိုင်ပါလိမ့်မည်ဟူသော နောက်ဆုံး မျှော်လင့်ချက်ထားရှိခြင်း၊ တစ်စုံတရာသော အကျိုးအမြတ်အထိ အောင်မြင်မှုရအောင် ကြိုးပမ်းရခြင်း၊ (ဆိုလိုသည်မှာ - ဒီကနေ့ ဒေါ်လာ ၅ဝ မြတ်မှ ဖြစ်မှာဟူသော ရည်မှန်းချက်ဖြင့် အကျိုးမျှော်ကိုး၍ ရောင်းဝယ်နေခြင်း။)

            အထက်အကြောင်းအရာအားလုံးကို စိတ်ပိုင်းဆိုင်ရာ ပြသနာများဟု မဆိုလိုပါ။ သို့ရာတွင် ဖြစ်လေ့ဖြစ်ထရှိသော အရာများတော့ဖြစ်ပါသည်။ Trader တစ်ယောက်သည် Trading System တစ်ခုကို အမီပြု၍ ရောင်းဝယ်မှု မပြုလုပ်ခြင်း၊ သို့မဟုတ် ၎င်းရွေးချယ်ထားသော Trading System မှာလည်း လွဲမှားနေပြီး အလုပ်မဖြစ်ခြင်းတို့ကြောင့် အထက်က အကြောင်းအချက် တစ်ခုမဟုတ် တစ်ခုကို ဖြစ်ပေါ်လာစေပေတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အရောင်းအဝယ်ပြုလုပ် ရာတွင် စိတ်ပိုင်းဆိုင်ရာ ခံစားချက် ကိစ္စတို့မှာ မပါမဖြစ် ပါဝင်လာမည့် ကိစ္စများဖြစ်ကြောင်း ကောင်းစွာ သိရှိထားရပါမည်။

             စိတ်ပိုင်းဆိုင်ရာ ရည်ညွှန်းချက်အရ / အလိုအရ သင်၏ရည်မှန်းထားသော ပန်းတိုင်(ငွေကြေး) သည် ပုံမှန်အနေအထားသာ ဖြစ်သင့်ပါသည်။

            သင်၏အောင်မြင်သော / ရှုံးနိမ့်သော အရောင်းအဝယ်များက သင့်အပေါ် သက်ရောက် ရိုက်ခတ်မှု မရှိသင့်ပေ။ ကျွန်ုပ်တို့ အားလုံးသည် အရောင်းအဝယ်ကို အောင်မြင်အောင် ကြိုးစားကြရမှာ ဖြစ်ပြီး အောင်မြင်မှုကိုသော်လည်းကောင်း၊ ရှုံးနိမ့်မှုကိုသော်လည်းကောင်း ဂရုစိုက် အမှုထားမနေဘဲ စိတ်ခံစားမှု အခြေအနေများကို မျှတအောင်သာ အစွမ်းကုန် ကြိုးစားဆောင်ရွက် သွားသင့်လှပါသည်။

 အရှုံးကို လက်သင့်ခံခြင်း

            အရောင်းအဝယ်လောကတွင် သူသူငါငါ အရှုံးနှင့် ကြုံဖူးကြသည်ချည်း ဖြစ်ပါသည်။ သို့ရာတွင် တကယ့်လက်တွေ့၌ Trader အများစုကြီးက အရှုံးကို လက်သင့်ခံနိုင်စွမ်း မရှိကြပေ။ အရှုံးထပ်ခါထပ်ခါ ဖြစ်ပေါ်လာခြင်းသည် အားကောင်းသော စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်လာစေပြီး ၎င်းမှ ကြောက်ရွံ့လာခြင်း၊ မရေမရာဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ခြင်း၊ စိတ်ကသိကအောက် ဖြစ်လာခြင်း၊ ကိုယ့်ကိုယ်ကို သံသယဖြစ်လာခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးလာခြင်းတို့ ဖြစ်ပေါ်လာရပေတော့သည်။

             လူဆိုသော သတ္တဝါသည် ဤလူ့ဘုံလောကသို့ စတင်ဝင်ရောက်လာသည့် အခိုက်အတန့် ကလေးမှာ အောင်မြင်သော အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ လူ့လောကသို့ အောင်မြင်စွာ ရောက်ရှိလာကြသူများဖြစ်သည်။ (အောင်မြင်စွာ မွေးဖွားလာကြသူများ ဖြစ်သည်ကို ဆိုလိုပေသည်။) မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ မိမိ၏ ပညာရေးအဆင့်အတန်းနှင့် အလုပ်အကိုင်၊ ပတ်ဝန်းကျင် တို့၏ ကူညီဖေးမမှုတို့ဖြင့် ဆရာဝန်များ၊ ရှေ့နေများ၊ ဘဏ်ဝန်ထမ်းများ စသည်ဖြင့် ဖြစ်လာကြရပေသည်။ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်အောင် အစွမ်းကုန်ကြိုးပမ်းပြီးနောက် မိသားစုကို ရှာဖွေကျွေးမွေးရသူအဖြစ် အကောင်းဆုံး ၊ အပြည့်စုံဆုံး အဖြစ်ကို အထူးကြိုးပမ်း တည်ဆောက်ကြပေသည်။ လူတို့သည် လူ့သဘာဝအရ/ လူမှု့ရေးအရ မိသားစုကို ကျွေးမွေးပေးကမ်း ထောက်ပံ့ကြသူများသာဖြစ်သည်။ ထို့အပြင် ဘဝအမျိုးမျိုးသော ယဉ်ကျေးမှုဆိုင်ရာ ဖိအားများနှင့် တောင်းဆိုမှုများ ထပ်တိုးပေါင်းစပ်လိုက်ပြီးနောက် မအောင်မြင်လို့ မဖြစ် အောင်မြင်မှ ဖြစ်ပါလိမ့်မည် ဟူသော ဝမ်းတွင်းပါ အခြေခံအကြောင်းတရားကြီးက တာဝန်တစ်ရပ်အဖြစ် တွန်းပို့လိုက်လေတော့သည်။

            ၎င်းအတွက် စစ်မှန်သော အဖြေတစ်ရပ်ရရှိအောင် အမှန်ကို အမှန်အတိုင်း ဆန်းစစ်ကြည့်ကြဖို့ဖြစ်သည်။ အရောင်းအဝယ်လုပ်သည့်အခါ ရှုံးသည့်အခါလည်း ရှုံးမှာဖြစ်သည်။ ရှုံးနိမ့်ခြင်းသည် အရောင်းအဝယ်၏ မပါမဖြစ်ပါဝင်မည့် အစိတ်အပိုင်းသာ ဖြစ်ပေသည်။ ရှုံးနိမ့်နိုင်ခြေမှာ အမြဲပင် ရှိနေကြောင်း သိထားရပေမည်။ အဓိကအချက်မှာ_ Trader တို့သည် အရှုံးကို လုပ်မိမှာသာ ဖြစ်သည်။ အောင်မြင်အောင် အမြဲပင် ကြိုးစားအားထုတ်နေသော ထူးချွန်ပြောင်မြောက်သည့် Trader တို့ကမူ ဘယ်လောက်များများ အရှုံးခံမည်လဲ၊ ဘယ်နှစ်ကြိမ်တောင် ရှုံးနေမှာလဲ ဆိုသည်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိကြပါသည်။

            အရှုံးကို မည်ကဲ့သို့ လက်ခံရပါမည်နည်း။ မည်သည့် Trader မဆို အမြတ်ရရန်အတွက် အရောင်းအဝယ်ပြလုပ်ကြခြင်းဖြစ်သည်။ ရှုံးဖို့ရန် ရည်ရွယ်ချက်ဖြင့် မည်သည့် Trader မျှ အရောင်းအဝယ် မပြုကြပေ။ သင်သည် ယခုအကြိမ်တွင်မူ ရှုံးရအောင် အရောင်းအဝယ်လုပ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြည့်ပါ။ ထိုအရောင်းအဝယ်တွင် ရှုံးသည့်တိုင်အောင် သင့်တွင် မည်ကဲ့သို့မျှ ဖိစီးမှု၊ ခံစားရမှု မဖြစ်ပေါ်တော့ပေ။ အရှုံးကို အကောင်းမြင်စိတ်ထားပြီး အရောင်းအဝယ်ပြုလုပ်လျှင် ရှေ့လျှောက် သင်၏ အရောင်းအဝယ်များမှာ တိုးတက်မှုများ ရလာမှာဖြစ်သည်။ အခိုက်အတန့် အပြောင်းအလဲအဖြစ် သဘောထားပြီးနေပါ၊ စိတ်ထဲမှာ အေးအေးဆေးဆေးသာ ထားလိုက်ပါ၊ ရှုံးချင်လည်း ရှုံးပါစေဟု ပေါ့ပေါ့လေးသာနေပေးလိုက်ပါ။

ကိန်းဝပ်နေသော မူလပင်ကိုယ်ပုံစံများ

            အရောင်းအဝယ် ပြုလုပ်ခြင်းကြောင့် စိတ်ခံစားရမှုများ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

                 - သင်သည် ဈေးကွက်အတွင်းသို့ဝင်၍ Buy လိုက်သောအခါ (မကြာမီ) ဈေးနှုန်းများ ထိုးကျသွားခြင်း၊

                 - သင်သည် ဈေးကွက်အတွင်းသို့ဝင်၍ Sell လိုက်ပြီးသောအခါ (မကြာမီ) ဈေးနှုန်းများ ထောင်တက်သွားခြင်း၊

                 - ထိုအခါ သင်သည် ခေါင်းခါမည်၊ ချွေးပြန်လာမည်၊ သက်ပြင်းများချမည်။

                 - သင်သည် သင်၏ကွန်ပျူတာကို ပြူတင်းပေါက်မှ လွှင့်ပစ်လိုက်ပြီး သင်ပါတပါတည်း ပြူတင်းပေါက်မှ ခုန်ချချင်စိတ် ပေါက်လာမည်။

                 - ဈေးကွက်ပိတ်ချိန် နီးလာပြီ၊ - သင်ဘာလုပ်မည်နည်း၊

                 - သင်သည် အရောင်းအဝယ်ပြုလုပ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများ ဖြစ်ပေါ်နေပေပြီ။

                                                                                                                                                                    

                                                                                                                                                                 ( ဆက်လက်ဖေါ်ပြပါမည် )

မေတ္တာဖြင့် _

                         ဦးခိုင်ဇင်ဝင်း

                         ၆.၇.၂ဝ၂ဝ ရက်နေ့ 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency