ရှေ့လာမည့် ၂၀၂၂ ခုနှစ် မတ်လတွင် ကျွန်တော် Trading လောကထဲသို့ရောက်ရှိလာသည်မှာ ၁၀ နှစ်ပြည့်မည် ဖြစ်ပါသည်။ ကျွန်တော် Trading သင်တန်းကို ၂၀၁၂ ခုနှစ် မတ်လ ၁‌၆ ရက်နေ့တွင် တက်ခဲ့သည်။ 2day intensive course ဖြစ်ပါ၏။ ကျွန်တော်၏ ဆရာကား ဦးအောင်သိန်းထွန်းဖြစ်သည်။ ထိုစဉ်ကဆရာသည် အဂ်လန်နိုင်ငံတွင်နေထိုင်ပါသည်။ အင်္ဂလန်မှ မြန်မာပြည်သို့ ခေတ္တလာရောက်ပြီး သင်တန်းပို့ချခြင်းဖြစ်သည်။ ကျွန်တော် တို့၏သင်တန်းသည် ဆရာ၏ ဒုတိယမြောက်သင်တန်းဖြစ်သည်၊ ဆရာ၏ ပထမသင်တန်းသည် ၂၀၀၆ ခုနှစ်လောက်က ဖြစ်မည်ထင်ပါသည်။

             ပထမသင်တန်းဆင်း မမိုး ( မငြိမ်းမို့မို့ပိုင် ) သည် ကျွန်တာ်တို့ သင်တန်းတွင် ဆရာ၏ အကူနည်းပြ ဖြစ်လာသည်။ နောင်တွင် ဆရာနှင့်မမိုးတို့ အကြောင်းပါကြသည်။

            ကျွန်တော်တို့၏ သင်တန်းနေရာသည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ရှိသော မီကာဆာ ဟိုတယ်တွင်ဖြစ်သည်။ ၂ရက်ဆက်တိုက်သင်ရသည်။ ထိုစဉ်က ယခုအခြေအနေကဲ့သို့ အင်တာနက်မရှိပါ။ စာရွက်ပေါ်တွင်သာ သင်ကြားရခြင်းဖြစ်သည်။ ကျွန်တော့အဖို့မူ Trading နှင့်ပတ်သက်သော စာအုပ်အချို့ ဖတ်ရှူထားသဖြင့် များစွာ အခက်အခဲမရှိခဲ့ပါ။

             ၁၉၇၄ ခုနှစ်တွင် စတော့ဈေးကွက်အကြောင်း စတင်ဖတ်ရှုရပါသည်။ ဘာမျှ အထွေအထူး နားမလည်ခဲ့ပါ။ တစ်နေ့တစ်ချိန်ချိန်တွင်တော့ နားလည်အောင်လုပ်မည်ဟု စိတ်ထဲတွင် တေးထားလိုက်မိပါသည်။ ထိုစဉ်ကမြန်မာပြည်သည် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့် အချိန်အခါဖြစ်သည်။ ထို့ကြောင့် အရင်းရှင်စီးပွားရေးစနစ်၊ တနည်းအားဖြင့် ဈေးကွက်စီးပွားရေး စနစ်ဆိုင်ရာ စာပေများဖတ်ရှုရဖို့ မလွယ်လှပါ။

              ဤသို့ဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလာပြီး စီးပွားရေးဆိုင်ရာ စာအုပ်စာပေများ ဖတ်ရှုခွင့် ရလာပါတော့သည်။ ကျွန်တော် ပထမဦးဆုံး ဖတ်ရှူရသော စာအုပ် ၂ အုပ် ရှိပါသည်။ (ဆရာ)ဦးဟန်ထွန်း၏ "ကမ္ဘာ့စီးပွားရေးဖွင့်ဆိုချက်များ"နှင့်"ကမ္ဘာ့ငွေကြေး ကစားကွက်များ" စာအုပ်တို့ဖြစ်သည်။ ပထမစာအုပ်ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယစာအုပ်ကို ၁၉၉၉ ခုနှစ်တွင်လည်းကောင်း ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ Stork Market, Bond Market, Currency Market တို့နှင့် ပတ်သက်ပြီး မြန်မာပြည်တွင် ပထမဦးဆုံး ထုတ်ဝေခဲ့သော စာအုပ် ၂ အုပ် ဖြစ်မည် ထင်ပါသည်။

              အဆိုပါစာအုပ် ၂အုပ်ကို ဖတ်ရှုထားခြင်းကြောင့် သင်တန်းတွင် ဆရာသင်ကြားသည်များကို များစွာ ဆက်စပ်နားလည်နိုင်ခဲ့ပါသည်။ ( နောက်ပိုင်းတွင်လည်း ကျွန်တော်သည် Stork Market, Bond Market, Currency Market တို့အကြောင်းများကို ကြေညက်သည်အထိ ဆက်လက်လေ့လာဖြစ်ခဲ့ပါ၏။ )

             သင်တန်းပြီးဆုံးသွားပြီးနောက် ရက်အနည်းငယ်ကြာသောအခါ ဆရာသည် အဂ်လန်သို့ပြန်သွားခဲ့သည်။ ကျွန်တော်သည်လည်း ပညာအဆက်ပြတ်သွားခဲ့သည်။ တစ်နှစ်နီးပါးခန့်ကြာသောအခါ မမိုးက ကျွန်တော့်ကို အင်တာနက်ဆိုင် တစ်ဆိုင်တွင် Currency Market ကိုဝင်ရောက်ကြည့်ရှု ပုံများကိုသင်ပေးပါသည်။ သင်တန်းပြီးသည့်နောက်ပိုင်း ၁နှစ်ခန့်ကြာမှ Currency Market ကို Life မြင်ဖူးခြင်းဖြစ်သည်။

          နောက်တစ်နှစ်ခန့်ကြာသောအခါ ဆရာနှင့် မမိုးတို့အကြောင်းပါကြသည်။ ဆရာလည်းအဂ်လန်သို့ မပြန်တော့ပါ။ ဆရာ၏ KBZ Bank, CB bank, AGD Bank နှင့် မန္တလေးသင်တန်းပွဲများတွင် ကျွန်တော်ဆရာ၏ အကူအဖြစ်ဆောင်ရွက်ခွင့်ရပါသည်။

         နောက်တစ်နှစ်ခန့်ကြာသောအခါ ကျွန်တော် ရောင်းဝယ်ရေးသမားတစ်ယောက်ဖြစ်လာသည်။ ရှုံးလိုက်မြတ်လိုက်ဖြင့် သံသရာလည်နေချိန်တွင် ကျွန်တော်ကဲ့သို့ Trader တစ်ယောက်နှင့် သိကျွမ်းခွင့်ရခဲ့ပါသည်။ သူအရောင်းအဝယ်ပြုလုပ်နေသည်က နိုင်ငံခြား Broker တိုက်ရိုက်ဖြစ်သည်။ ကျွန်တော်ကပြည်တွင်း Broker ထံမှ ရောင်းဝယ်ရသည်။ သူ၏ငွေပေးငွေယူကိစ္စကို Myanmar Payment Union မှတဆင့် Transaction ပြုလုပ်သည်ဟုသိရပါသည်။ ကျွန်တော်လွန်စွာစိတ်ဝင်စားသွားခဲ့သည်။

              သည်အကြောင်းအရာတွေကို သူနဲ့ကျွန်တော်ဖုန်းထဲမှာ ပြောကြခြင်းဖြစ်သည်။ တစ်နေ့လူချင်းတွေ့ပြီး သူ၏အရောင်းအဝယ်ကိစ္စများကို ကျွန်တော်လာရောက် လေ့လာမည့် အကြောင်းချိန်းကြပါသည်။ ချိန်းပင်ချိန်းကြသော်လည်း နောက်၃လမျှကြာသည်အထိ လူချင်းမတွေ့ဖြစ်ကြပါ။

         ၃လကျော်မျှ ကြာပြီးသည့်နောက် သူ့ထံကျွန်တော်လာမည့်အကြောင်း ဖုန်းဆက်သောအခါ သူ၏အခြေအနေက ပြောင်းသွားခဲ့ပြီဖြစ်သည်။ သူ၏အကောင့်ပြုတ်သွားသောကြောင့်ဖြစ်ပါ၏။ သူသည်လစာကောင်းသော ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သည်။ သူစုဆောင်းထားသမျှ Trading ထဲတွင်ပုံအောထားလိုက်မိပြီး အားလုံးကုန်ဆုံးသွားသောအခါ Trading ကိုပြန်မစနိုင်တော့ပဲ Trading ကိုကျောခိုင်းလိုက်ရခြင်းဖြစ်သည်။ သူ၏ အဖြစ်အပျက်သည် ကျွန်တော့်ကို ကောင်းစွာ သင်ခန်းစာ ရစေပါသည်။

            ၂၀၁၆ခုနှစ်သို့ရောက်သောအခါ ကျွန်တော် လူတစ်ယောက်နှင့်မိတ်ဆွေဖြစ်ခွင့်ရပြန်သည်။သူ၏အမည်မှာ အန်ကယ်ဂျွန်ဖြစ်သည်။ ထိုစဉ်က အန်ကယ်အသက်မှာ ၇၀ မျှရှိပြီဖြစ်သည်။ အသက် ၄၀ လောက်က မိသားစုလိုက် မြန်မာပြည်မှ အပြီးထွက်ခွာသွားပြီး အမေရိကန်နိုင်ငံ၊ နယူး‌ယောက်မြို့တွင် အခြေချနေထိုင်နေသူဖြစ်သည်။ သူသည်လည်း Trader တစ်ယောက်ဖြစ်ကြောင်းနောက်ပိုင်းသိလာရသည်။ သူ့ထံမှာ Fundamental Analysis ၏အခြေခံသဘောတရားများကို အထပ်ထပ်နာကြားခွင့်ရခဲ့သည်။ လေ့လာမေးမြန်းမှတ်သားခွင့်များရခဲ့သည်။ အန်ကယ်အမေရိကန်သို့ ပြန်သွားပြီးနောက် ကျွန်တော်ဖတ်ရှုလိုသော စာအုပ်များကို ကျွန်တော့်ထံပို့ပေးခဲ့ဖူးသည်။ ထို့အတွက် အန်ကယ်ကိုကျေးဇူးတင်ရပါသည်။

            ကျွန်တော်ဖတ်ချင်သော စာအုပ်များကတော့ လက်ဝယ်ရောက်လာပါပြီ၊ သို့ရာတွင်ကောင်းစွာ မဖတ်တတ်ခဲ့ပါ၊ ပထမပိုင်းတွင် ထိုစာအုပ်များကို ဘာသာပြန်ပေးမည့်သူကို ရှာမိသည်၊ အခက်အခဲတွေ့ကြုံရသည်။ နောက်ပိုင်းတွင် ကိုယ်တိုင် ဘာသာပြန်နိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက်လာသည်။ ထို့ကြောင့်ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် တွင်နေထိုင်သော ဆရာဦးဝင်းထွန်း (ကလောင်အမည် မောင်ဝင့်သူ) ထံတွင်တပည့်ခံပြီး အဂ်လိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုနည်းသင်တန်းကို ၂နှစ်မျှတက်ရောက်ခဲ့ပါသည်။ နောက်ပိုင်းတွင် Trading ပညာရပ်များကို ကောင်းစွာဘာသာပြန်နိုင်လာတော့သည်။ ဤသည်ကား ဆရာဦးဝင်းထွန်း၏ ကျေးဇူးကြောင့်ပါတည်း။

         ဤသို့ဖြင့် Fundamental သဘောတရားများကိုလေ့လာဖြစ်သည်။ Data Release Trading အကြောင်းများကိုလေ့လာဖြစ်ခဲ့သည်၊ အချိန်ရလျှင် ရသလိုစာတွေဖတ်ဖြစ်လာခဲ့သည်။

        ဆရာဦးအောင်သိန်းထွန်း မန္တလေးသို့ သင်တန်း ၂ ကြိမ်သွားရောက်ပို့ချသောအခါ ကျွန်တော်သည်ဆရာ၏ အကူနည်းပြအဖြစ်လိုက်ပါရသည်။ မန္တလေးတွင်သင်တန်းကို စီစဉ်ပေးသူမှာ ကိုထက်‌ (ကိုလင်းထက်အောင်) ဖြစ်သည်။ ကိုထက်သည်ဖော်ရွှေတတ်သည်၊ ပြုံးချိုသောမျက်နှာရှိသည်၊ ဆက်ဆံရေးကောင်းသည်။ မန္တလေးခရီး ၂ ကြိမ်တွင် ကိုထက်နှင့်ကောင်းစွာ ခင်မင်ခဲ့ရပါ၏။

        နောက်ပိုင်းတွင် ကိုထက် ရန်ကုန်ရောက်တိုင်း ကျွန်တော်နှင့်လာတွေ့လေ့ရှိသည်။ တွေ့သည်အခါတိုင်းအခြားအကြောင်းအရာများထက် ပညာအကြောင်းများသာ အဓိက ပြောဖြစ်သည်။ သူတစ်ခါလာတိုင်း ကျွန်တော်က ပညာတစ်မျိုးအကြောင်းပြောဖြစ်သည်။ ကျွန်တော်လေ့လာထားသမျှ ကျွန်တော်သိသလို သူ့ကိုလည်း သိစေချင်သော စေတနာ‌ကြောင့်ဖြစ်သည်။

        ၂၀၁၇ ခုနှစ်အဆန်းပိုင်းတွင် ကိုထက်တို့ မန္တလေးတွင် My Gold Myanmar ဟူသောအမည်ဖြင့် Broker Company တည်ထောင်ကြသည်။ ထိုကုမ္ပဏီတွင် စာလာသင်ပေးဖို့ ကိုထက်က ဖိတ်သဖြင့် ကျွန်တော် တစ်ကြိမ်စာသင်ပေးဖူးသည် (Data Release Trading အကြောင်းအပြည့်အစုံသင်ပေးဖြစ်သည်)၊နောက်တစ်ကြိမ် က (MGM) Company အတွက်ဟောပြောပွဲတွင် ဟောပြောပေးရခြင်းဖြစ်သည်။ နောက်ပိုင်းကိုထက်တို့ ရန်ကုန်တွင်ပါ Company Branch ထောင်လာကြသည်။ တစ်နေ့ ကိုထက်တို့၏ ရန်ကုန် ကုမ္ပဏီ ရုံးခန်းသို့ ကျွန်တော်အလည်သွားဖြစ်သည်။ သူတို့တထွေ Data Release Trading ကိုအောင်မြင်စွာ Trade လိုက်သည်ကို လက်တွေ့မြင်တွေ့ခဲ့ရသည်။ ကိုထက်တို့၏ Broker Company သည်တဖြည်းဖြည်းအောင်မြင်သော Company ဖြစ်လာသည်။

        မန္တလေး MGM Company တွင် စာသင်ပေးဖူးသူများအနက်မှ မိန်းကလေးတစ်ဦးမှာ ထူးခြားပါသည်။ သူမသည် ညဏ်ရည်ညဏ်သွေးကောင်းမွန်ပြီးတော်သည့်အထဲတွင်ပါ ပါသည်။ ရန်ကုန်မှာနေသော ကျွန်တော့်ကို အမြဲပင် စာလှမ်းမေးလေ့ရှိပါသည်။ နောက်ပိုင်းတွင်သူမသည် အချိန်တိုအတွင်း တဟုန်ထိုးအောင်မြင် လာခဲ့သည်။ ရက်သတ္တ တစ်ပါတ်လျှင် ပုံမှန် ဒေါ်လာ1000 မျှ Profit ရသည်အထိ အောင်မြင်သည်ဟုကြားရပါသည်။ တပည့်တစ်ဦးအောင်မြင်သည်ကို ဝမ်းသာလှပါသော်လည်း ထိုအခြေအနေကိုမူ ကျွန်တော်ဘဝင်မကျမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Beginner Trader တစ်ဦး မည်ကဲ့သို့ဖြတ်သန်းရသည်၊ မည်ကဲ့သို့ ဖြတ်တတ်သည်ကို ကျွန်တော် ကောင်းစွာ သဘောပေါက်ထားသောကြောင့်ဖြစ်သည်။ သိပ်တော့မကြာလိုက်ပါ။ နောက်ထပ်လအနည်းငယ်ကြာသောအခါ သူမသည်Trading လောကကို အပြီးတိုင်ကျောခိုင်းသွားရတော့သည်။ သူမ၏ရှုံးနိမ့်မှုများကို စိတ်မကောင်းစွာ ကြားသိရပါသည်။

        ကျွန်တော်နောက်ဆုံးကြုံတွေ့ရသူမှာ ကိုတန်ဖြစ်သည်။ သူနဲ့ကျွန်တော်ရန်ကုန်MGMရုံးတွင် တွေ့ရှိသိရှိခဲ့ရခြင်းဖြစ်သည်။ မတွေ့သည်မှာ တစ်နှစ်ကျော်မျှ ကြာခဲ့ပြီးနောက် ကျန်ခဲ့သောနှစ်လခန့်တွင် ပြန်တွေ့ရသောအခါ အောင်မြင်သော Trader တစ်ယောက်ဖြစ်နေသည်ကိုတွေ့ရသည်။

        ကိုတန်သည် Scalping သမားတစ်ဦးဖြစ်သည်။ သူ၏Stratagyမှာအားကောင်းသော Indicator၂ခု၊ ၃ခုကိုအသုံးချပြီး ဈေးကွက်ကိုစောင့်ကြည့်သည်။ Indicatorများက အချက်ပြလာသောအခါ ဈေးကွက်အတွင်းသို့ ၀င်ရောက်လိုက်သည်။ သတ်မှတ်ထားသည့် StopLossကို တိကျစွာချထားသည်။ ရှုံးသည့်အခါ နည်းနည်းသာရှုံးပြီး မြတ်သည့်အခါများများမြတ်မည်ဖြစ်သည်။ စည်းကမ်းရှိခြင်း၊ စနစ်တကျဆောင်ရွက်ခြင်းတို့ဖြင့် ရေရှည်တွင်အောင်မြင်လာခြင်းဖြစ်သည်။ ယုံကြည်မှုရလာသောအခါ LotSizeကိုမြှင့်တင်ရောင်း၀ယ်သွားခြင်းဖြင့် ပမာဏများပြားသော အောင်မြင်မှုကို ရလာခြင်းဖြစ်ကြောင်း ကျွန်တော်သိလာရသည်။ ကိုတန်၏ နည်းလမ်းအတိုင်း တိကျစွာလိုက်နာဆောင်ရွက်လျှင် Beginner Traderများပင်လျှင် အောင်မြင်သော Traderများ ဖြစ်လာနိုင်ပါသည်။

        အထက်ပါစာစုတို့မှာ ကျွန်တော်၏ Trading ၁၀နှစ်တာ ကာလအတွင်းအောင်မြင်သော Trader နှစ် ယောက်နှင့်‌ မအောင်မြင်သော Trader နှစ်ယောက် အကြောင်းကိုတင်ပြခဲ့ခြင်း ဖြစ်သည်။

         Beginnerတို့ ကျရှုံးရခြင်း၏ အဓိကအချက်မှာ လောဘနှင့်အရှုံးမပေးလိုစိတ်တို့ကြောင့်ဖြစ်သည်။ လောဘသည် မြန်မြန်နှင့်များများမြတ်လိုသည်။ ထို့ကြောင့် Lotsizeသည် လိုအပ်သည်ထပ် ကြီးမားနေတတ်သည်။ အ၀င်မှန်လားရာမှန်သည့်အခါ ပြသနာမဟုတ်သော်လည်း ဈေးနှုန်းသည် လိုလားသည့် လားရာနှင့် ဆန့်ကျင်လာသောအခါ အရှုံးပြလာသည်။ အရှုံးကို လက်မခံချင်သည့်စိတ်က လူတွင်စိုးမိုးလာသည်။ ပြန်မြတ်လာဖို့ကိုစိတ်ကမျှော်လင့်နေသည်။ ထို့ကြောင့်Stop Lossချထားခြင်းကို အစကနဦးတည်းက မထည့်ပဲထားခြင်းသော်လည်းကောင်း၊ လွန်မင်းသော အကွာအဝေးတွင် ချထားခြင်းသော်လည်းကောင်း၊ ဆန့်ကျင်သောလားရာသို့ ဈေးနှုန်းရွေ့လျားနေသည့်တိုင်အောင် Stop Lossကို ဈေးနှုန်းနှင့်ဝေးရာသို့ တဖြည်းဖြည်း ရွေ့ယူနေခြင်းမျိုးကိုလည်းကောင်း ပြုလုပ်လာတော့သည်။ သို့နှင့်တိုင်အောင် ဈေးနှုန်းမှာ ဆန့်ကျင်ဘက်လားရာသို့ ပို၍ပို၍သာတိုးလာနေသည်။ အချိန်ကြာလာသည်နှင့်အမျှ Trader သည်ချွေးပျံလာသည်။ ကြီးစွာသောစိတ်သောက ကြုံလာရသည်။ တဖြည်းဖြည်းနှင့် အရှုံး ကြီးသထက်ကြီးလာသောအခါ မခံနိုင်တော့သည့်အဆုံး အရှူံးနှင့် အဆုံးသတ်လိုက်ရပေတော့သည်။ ဤကဲ့သို့သော ဖြစ်အင်သည် တစ်ကြိမ်လာလည်း ထိုနည်း၎င်း နောက်တစ်ကြိမ်လာလည်း ထိုနည်း၎င်းဖြင့် မိမိ၏ဉာဉ်ကိုမမြင်နိုင်သော Trader သည် အကောင့်ပြုတ်သွားခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရပေတော့သည်။

        ကျွန်တော်၏ ၁၀နှစ်တာကာလတွင် ပထမ၃နှစ်ခန့်သည် လူတိုင်းအင်တာနက် မရနိုင်သေးသည့် အ‌ခြေအနေနှင့် Broker များ မရှိသေးသည့် အ‌ခြေအနေကြောင့် ဘာမှ ထူးခြားမှုမရှိခဲ့သည့် နှစ်များဖြစ်ခဲ့ပါသည်။ ဒုတိယ ၂ နှစ်တာကာလတွင် ကျွန်တော်ကိုယ်တိုင် ရောင်းကြည့်၀ယ်ကြည့်ခြင်းဖြင့် အတွေ့အကြုံများရခဲ့သည်။ ဒေါ်လာ၃၀၀ဝဖြင့်စခဲ့သော အကောင့်သည် ဒေါ်လာ၂၀၀၀ကျော်မျှ ရှုံးခဲ့ပြီးဖြစ်သည်။ ထူးခြားသည်မှာ ကျွန်တော်သည် တစ်ကိုယ်တော် Trade ရခြင်းဖြစ်သည်။ ကျွန်တော်၏အမှားကို ပြင်ပေးမည့်ဆရာမရှိခဲ့ပါ။ နည်းလမ်းကောင်းကလည်းမတွေ့သေး၊ ရှူံးရသည့်အကြောင်းအရင်းကလည်း မတွေ့သေးချိန်တွင် ရှုံးနေရင်းဖြင့် ရှေ့ဆက်မတိုးတော့ရန်ဆုံးဖြတ်ပြီး Tradingကို ရပ်တန့်ခဲ့ပါသည်။ ပညာထပ်ရှာဖို့ပြင်ဆင်ရတော့သည်။ ထို့ကြောင့် English စာဖတ်တတ်ဖို့ကြိုးစားရသည်။ ဖတ်တတ်လာသောအခါ စာတွေဖတ်တော့သည်။ စာအုပ်၊စာပေတို့သည် ကျွန်တော်၏ဒုတိယဆရာ၊ တတိယဆရာ၊ စတုတ္ထဆရာများဖြစ်လာကြတော့သည်။ ထို့ကြောင့် ကျွန်တော်၏Trading ခရီးသည် ရှည်ခဲ့ပါသည်၊ ကြာခဲ့ပါသည်။ ကိုယ်တိုင်လွန်စွာ ကြိုးစားအားထုတ်ခဲ့ရပါသည်။ နေ့စဉ် စာအုပ်စာတန်းများနှင့်လည်းကောင်း၊ ကွန်ပျူတာရှေ့တွင်လည်းကောင်း ပျင်းရိငြီးငွေ့ဖွယ်ရာ အချိန်တွေကုန်ဆုံးခဲ့ရပါသည်။

            ထို့ကြောင့် Beginner Traderတို့ကို အကြံပြုလိုသည်မှာ အရည်အချင်းပြည့်၀သော၊ Mentorကို ရှာဖွေပါဟူ၍ဖြစ်ပါသည်။ Mentorပါသော Trading ခရီးသည် လွယ်ကူမြန်ဆန် အဆင်ချောမွေ့မှာ ဖြစ်ပါသည်။ သို့မဟုတ်ပါကTradingလောကထဲမှ ထွက်ခွာသွားရခြင်း။ ကျွန်တော်ကဲ့သို့ ခရီးကြာရှည်နေခြင်းများ ဖြစ်မှာစိုး၍ ဖြစ်ပါသည်။ (ဤစာစုဖြင့် ကျွန်တော်၏ ဆရာသမားများဖြစ်ကြသော ဆရာဦးအောင်သိန်းထွန်း၊ အန်ကယ်ဂျွန်နှင့် ဆရာဦး၀င်းထွန်းတို့အား ရိုသေစွာရှိခိုးကန်တော့အပ်ပါသည်။)


ဦးခိုင်ဇင်၀င်း

၁၄/၁၁/၂၀၂၁ရက်နေ့

တနင်္ဂနွေ


#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency