မြန်မာပြည်၏ ရင်းနှီးမြှုပ်နှံစရာစျေးကွက်မှာ အများသိကြပြီး ဖြစ်သည့်အတိုင်း ကျဥ်းမြောင်း နည်းပါးလှပါသည်။ ရွှေ၊ငွေ(ဒေါ်လာ)၊ အိမ်ခြံမြေကားတို့လောက်သာရှိပါသည်။ ရွှေနှင့်ဒေါ်လာမှာ ရင်းနှီးမြှုပ်နှံစရာ၊ ဝယ်လိုက်ရောင်း လိုက်ပြုရာ၊ တန်ဖိုးကျခြင်းမှအကာအကွယ်ပြုရာ၊ စျေးကစားရာ စသည့် ဂုဏ် ဒြပ်တို့နှင့် ပြည့်စုံသည့်တိုင်အောင် အိမ် ခြံ မြေ နှင့် ကားတို့မှာ အခါခပ်သိမ်း ထိုကဲ့သို့မဟုတ်ပါချေ။ ရွှေနှင့်ဒေါ်လာမှာအချိန်မရွေး ငွေဖြစ်လွယ်မှု Lidquidity အားကောင်းသော်လည်း အိမ်ခြံမြေနှင့် ကားမှာအချိန်မရွေး ထိုဂုဏ်ပုဒ်များနှင့်မပြည့်စုံပါ။ ကန့်သတ်ချက်များစွာရှိပါသည်။

        ကမ္ဘာ့ရွှေသည်ဒေါ်လာနှင့် against ပြုလုပ်ထားသကဲ့သို့ မြန်မာရွှေစျေးသည်လည်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းနှင့် ချိတ်ဆက်ထားသည်ကိုတွေ့ရနိုင်ပေသည်။ ထို့အပြင်မြန်မာ့ရွှေစျေးသည် ကမ္ဘာရွှေစျေးနှင့်လည်း တစ်နည်းတစ်ဖုံ ထပ်မံချိတ်ဆက်ထားပြန်ပေသည်။ ထို့ကြောင့်မြန်မာပြည်၏အဓိကရင်းနှီးမြှုပ်နှံစရာ ရွှေနှင့်ဒေါ်လာသည် သီးခြားရပ်တည်နေခြင်း အလျဥ်းမရှိလှပဲ ကမ္ဘာရွှေစျေး ဒေါ်လာစျေးတို့ဖြင့် ချိတ်ဆက်ပတ်သတ်လျက် ရှိနေကြပေသည်။

        ပြည်တွင်းသုံး အရေးကြီးကုန်ပစ္စည်း၊ အရေးမကြီးကုန်ပစ္စည်း မည်သည့်ကုန်ပစ္စည်းမဆို ရွှေစျေး၊ ဒေါ်လာစျေး အပေါ်မူတည်စံထားလျက် အတက်အကျဖြစ်ပေါ်နေခြင်းဖြစ်ရာ ရွှေစျေး၊ ဒေါ်လာစျေး တက်ကျနိမ့်မြင့် ဖြစ်ပေါ်မှုကို နိုင်ငံ့တာဝန်ယူထားသူများသာမက ပြည်သူလူထုတစ်ရပ်လုံးကပါ စိတ်ဝင်တစားရှိရသည်မှာ ထူးခြားဆန်းပြားသောကိစ္စတော့မဟုတ်ပါပေ။

        လွန်ခဲ့သော နှစ်လခန့်က မြန်မာ့ရွှေစျေးနှင့် ပြည်တွင်းဒေါ်လာငွေ လဲလှယ်နှုန်းတို့ စံချိန်တင်မြင့်တက်ခဲ့သည်။ အဆိုပါအကြောင်းအရာတို့ကို စေ့ငုံကြည့်လိုက်သောအခါ ဇာတ်လမ်း၏အစသည် စက်တင်ဘာ ၇ ရက် Dday မှစသည်။ ထိုရက်မတိုင်မီတွင် ဒေါ်လာစျေးသည် ၁၇၁၀ ကျပ်ဝန်းကျင်၊ ရွှေစျေးသည် တစ်ကျပ်သား ၁၇သိန်း၄သောင်း ဝန်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဥ်နောက်ပိုင်းတွင် ဒေါ်လာစျေးသည် ၁၆၃၀ ကျပ်ဝန်းကျင် ၊ ရွှေစျေးသည် ၁၃သိန်းမပြည့်ပဲရှိနေခဲ့ရာမှ Dday မတိုင်မှီ စက်တင်ဘာ ၆ရက်အထိဒေါ်လာစျေး ၁၇၁၀ ကျပ်ဝန်းကျင်၊ ရွှေစျေး ၁၇သိန်း ၄သောင်းအထိမှန်မှန် တက်လာခဲ့ခြင်းဖြစ်သည်။

        စက်တင်ဘာ ၇ ရက်နေ့တွင်မူ ထူးခြားဖြစ်စဥ်ကြောင့်စျေးကွက် ကိုင်မြှောက်မှုများဖြစ်ပေါ်လာပြီး ရွှေကစားသူ ဒေါ်လာကစားသူ ၃ ၄ ဆယ်ခန့်ကိုပြည်ထဲရေးဝန်ကြီးဌာနမှ ထိန်းသိမ်းမှုများရှိခဲ့သည်။

        စျေးနှုန်းလှုပ်ခါမှုသည် သာမာန်အခြေအနေမဟုတ်သဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ကဖမ်းဆီးမှုများရှိလင့်ကစား ဒေါ်လာစျေးရော ရွှေစျေးပါ မှောင်ခိုစျေးကွက်ဖြစ်လာသည်။

        ဗဟိုဘဏ်သည် ± ၀.၈ range ဘောင် (spread) ထားရှိခြင်းကို စက်တင်ဘာ ၁၀ရက်နေ့တွင်ပယ်ဖျက်လိုက်သည်။

        မှောင်ခိုစျေးကွက် ပြန်ပျောက်သွားပြီး ကြိုက်ရောင်းကြိုက်ဝယ် စျေးကစားကြတော့သည်။ စက်တင်ဘာလကုန်ခန့်တွင် ဒေါ်လာစျေး၊ ရွှေစျေးတို့ အမြင့်ဆုံးစံချိန်တင် စျေးများသို့ ရောက်ရှိခဲ့တော့သည်။ ဒေါ်လာစျေး ၂၇၀၀ ကျပ်၊ ရွှေစျေး ၂၂သိန်း ၅သောင်းအထိ ရှိခဲ့သည်။

        ပြည်ပပို့ကုန်ရငွေ (ဒေါ်လာ) ကိုင်ဆောင်ထားမှုသက်တမ်း ၁ လ သို့ လျှော့ချလိုက်သည့်အမိန့်ကို ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည့်နောက်ပိုင်းတွင် ပြည်တွင်းဒေါ်လာစျေးနှုန်း တဖြည်းဖြည်းပြန်လည်ကျဆင်းလာခဲ့သည်။

        အမှန်စင်စစ်မူ ပြည်တွင်းဒေါ်လာစျေးနှုန်းသည် စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်း မှစပြီး ထောင်မတ်စွာစျေးတက်လာရာ Over bought အခြေအနေဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။ အောက်တိုဘာ ၄ရက်တွင် တစ်ပတ်အတွင်းဒေါ်လာစျေး ကျပ် ၄၀၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။

        ထိုနေ့နောက်ပိုင်းမှ စတင်ကာ ဒေါ်လာစျေးနှုန်းသည် Down Trend စတင်ခဲ့သည်။ ထို့ကြောင့် ဒေါ်လာစျေးနှင့်အတူ ရွှေစျေးသည်လည်း လိုက်ပါကျဆင်းလာတော့သည်။

        ဗဟိုဘဏ်သည်ငွေပေးချေမှု (ကျပ်သိန်း ၂၀၀) နှင့်ပတ်သတ်သော အမိန့်ကြော်ငြာစာကို နိုဝင်ဘာ၃ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ဘဏ်များနှင့် ပတ်သတ်ချိတ်ဆက်နေစေရန် အတွက်လည်းကောင်း၊ ပြည်သူလူထုအတွင်း ငွေသားကိုင်ဆောင်မှု လျှော့ချနိုင်စေရန် အတွက်လည်းကောင်း၊ ဘဏ်ကိုယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်ပုံရသည်။ သို့ရာတွင် ၎င်းစာကိုအကြောင်းပြုပြီး စျေးကစားမှုများ ထပ်မံပြုလုပ်လာကြပြန်သည်။

           အဆိုပါစာမထုတ်ပြန်မီ ဒေါ်လာစျေးသည် 1770 ဝယ် ၊ 1830 ရောင်း ၊ ရွှေစျေး 1,705,000 ရှိနေရာမှအဆိုပါစာ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဒေါ်လာစျေး 1935 ဝယ် 1955 ရောင်း ၊ ရွှေစျေး 1,820,000 ထိဖြစ်ပေါ်လာသည်။

            ထိုသို့ စျေးနှုန်းများ ပြန်လည်တက်လာနေဆဲ အခြေအနေတွင် ဗဟိုဘဏ်သည် ± ၀.၅ % range ဘောင် သတ်မှတ်ချက်စာကို နိုဝင်ဘာ ၉ရက်နေ့တွင်လည်းကောင်း၊ ပို့ကုန်ရငွေ (ဒေါ်လာ) အခြေအနေကို စိစစ်ရန်စာကို နိုဝင်ဘာလ ၁၀ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့သည်။

            range ဘောင် ပြန်လည်သတ်မှတ်လိုက်ခြင်းကြောင့် မှောင်ခိုစျေးကွက် ထပ်မံပေါ်ပေါက်လာ ပြန်သည်။ ဗဟိုဘဏ်မှသတ်မှတ်နှုန်းထားအတိုင်း တစ်ဒေါ်လာ 1776 ကျပ်ဝယ် ၊ 1786 ကျပ်ရောင်းဖြင့် သတ်မှတ်ထားသော်လည်း ထိုစျေးဖြင့်အဝယ်သာရှိပြီး အရောင်းအလျဥ်းမရှိတော့ပေ။ ဒေါ်လာသည် မှောင်ခိုစျေးကွက်တွင် ၂၀၀၀ ကျပ် အနီးသို့ပြန်လည်ရောက်ရှိလာပြန်သည်။

            ထိုအတောအတွင်း အစိုးရ၏ဒေါ်လာသည် သုံးစွဲမှု မူဝါဒပြောင်းလဲလိုက်သည်။ ကားတင်သွင်းမှုကိုပိတ်လိုက်သည်။ အရေးကြီးကုန်ပစ္စည်းများမှအပ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်း ခြင်းကို ကန့်သတ်လိုက်သဖြင့် စျေးကွက်အတွင်း ဒေါ်လာ Demand ကျဆင်းလာသည်။ ဗဟိုဘဏ်မှ range ဘောင် ပြန်လည်သတ်မှတ်လိုက်ခြင်း ၊ နိုင်ငံခြားပို့ကုန်ရငွေများကို စိစစ်လာခြင်း၊ ပို့ကုန်ရငွေ ကိုင်ဆောင်ခွင့် သတ်တမ်းကန့်သတ်လိုက်ခြင်း၊ ဒေါ်လာငွေကြေး ဝယ်ရောင်းစျေးကစားသူများအား ပြည်ထဲရေးမှ ဖိအားပေးခြင်း စသော အကြောင်းများကြောင့် ဒေါ်လာမှောင်ခိုစျေးကွက်သည် ထင်သလောက် စျေးတင် စျေးကစားခြင်း မပြုနိုင်တော့သည်ကို တွေ့ရှိလာရပါသည်။ ထို့ကြောင့် 27.11.2021 ရက်နေ့ စျေးကွက်ပေါက်စျေးအရ ဒေါ်လာစျေးမှာ 1860 ဝယ် 1890 ရောင်း သာရှိပါတော့သည်။

            တဖန် ရွှေဈေးကွက်အတွင်း ကြည့်ပြန်လျှင် ဗဟိုဘဏ်မှ ထုတ်ပြန်သော ငွေပေးချေမှု (ကျပ်သိန်း ၂၀၀) အမိန့်က သက်ရောက်မှု ရှိခဲ့ကြောင်း တွေ့ရပါသည်။ အဆိုပါ စာထုတ်ပြန်ကာစက အကျပ်အတည်း တစ်ခုအသွင်ဖြင့် ဈေးကစားခဲ့သော်လည်း တနည်းတလမ်းအားဖြင့် ဈေးကွက်ကို ပြန်လည် သက်ရောက်လာခြင်း ဖြစ်ကြောင်းတွေ့ရှိလာရပါသည်။ ရွှေတစ်ဆယ်သား အပိုင်းတစ်ပိုင်းလျှင် ကျပ်သိန်း ၂၀၀ အောက်ဖြစ်သဖြင့် ရွှေတစ်ဆယ်သားအပိုင်းသာ ရောင်းဝယ်မည့်သူများအတွက် လွတ်လပ်စွာ ငွေပေးချေခြင်း ပြုလုပ်နိုင်သော်လည်း ရွှေတစ်ဆယ်သားထက် ပိုမိုဝယ်ယူခြင်း ရောင်းချခြင်းများအတွက် အကန့်အသတ် ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပမာဏ Volume ကျဆင်းသွားရ ပါတော့သည်။ အရောင်းအဝယ် အေးသွားခြင်းက ရွှေဈေးကို အကျဖက်သို့ သက်ရောက်စေခဲ့ရာ 27.11.2021 ရက်နေ့တွင် ရွှေတစ်ကျပ်သား 1777000 ကျပ်ဝယ်၊ ၁၇၈၅၀၀၀ ကျပ်အရောင်းသာ ရှိခဲ့ပါသည်။ ဆက်လက်ကျဆင်းရန်လည်း ရှိနေခဲ့ပါသည်။

         တဖန် ရွှေစျေးကွက်လေ့လာကြည့်လျှင် ကမ္ဘာရွှေစျေးသည် 16.11.2021 ရက်နေ့မှ စတင်ကာ ကျဆင်းလာနေသည်ကိုတွေ့ရပေသည်။ အိန္ဒိယ ရွှေဝယ်ရာသီဟုဆိုသော်ငြားလည်း 16.11.2021 ရက်နေ့တွင် အမြင့်ဆုံးစျေး 1877.14 $ ရှိခဲ့သော ကမ္ဘာ့ ရွှေစျေးသည် 26.11.2021 ရက်နေ့တွင် 1793 $ ဖြင့်စျေးပိတ်သွားခဲ့လေသည်။ အဆိုပါ 26.11.2021 ရက်နေ့တွင် covid ပိုးအသစ်တွေ့ရှိမှုသတင်းအရ စျေးတက်လာသော ကမ္ဘာ့ရွှေသည် 1815.5 $ အထိစျေးတက်ခဲ့သည့်တိုင်အောင် ညနေပိုင်းတွင် စျေးပြန်ကျလာပြီး အဆိုပါ 1793 $ ဖြင့်စျေးပိတ်သွားခဲ့ပေသည်။

            ကမ္ဘာရွှေသည် ဆင်းလာသည့်အခါ အပိုင်း ၃ပိုင်း ဖြင့်ဆင်းလာတတ်သည်။ ပြီးခဲ့သော 26.11.2021 (သောင်္ကြာနေ့) အထိအပိုင်း ၂အထိဆင်းခဲ့ပြီးဖြစ်သည်။ နောက်ထပ် ထက်ဆင်းရန်မှာအပိုင်း တစ်ပိုင်းကျန်နေသေးသည် ကိုတွေ့ရပေသည်။ ပြည်တွင်းဒေါ်လာ စျေးကို TA အမြင်အရကြည့်လျှင်လည်း စျေးနှုန်းတို့သည် ဆင်းလာနေပြီး Anti Trend အနေဖြင့် စျေးပြန်တက်လာနေကြောင်း တွေ့ရပေသည်။ ထိုအခြေအနေတွင် ထူးခြားဖြစ်စဥ်များ ပေါ်ပေါက်မှုမရှိလျှင် ဗဟိုဘဏ်၏ထိန်းသိမ်း ကိုင်တွယ်မှုအား ကောင်းလျှင် အဆိုပါ ဈေးပြန်တက်မှုသည် အားကောင်းစွာ ဈေးပြန်တက်နိုင်မည် မဟုတ်ဘဲ အချိန်တန်လျှင် စျေးပြန်ကျမှုကိုသာဖြစ်စေမှာဖြစ်ပါသည်။

           ထို့ကြောင့် နိဂုံးချုပ်အားဖြင့် တင်ပြရပါလျှင် ပြည်တွင်းဒေါ်လာစျေးနှုန်းနှင့်ရွှေစျေးတို့သည် ထူးခြားဖြစ်စဥ်များ မပေါ်ပေါက်လျှင် ဗဟိုဘဏ်၏ ထိန်းသိမ်း ကိုင်တွယ်မှုများအားကောင်းပါလျှင် စျေးပြန်တက်လာမှုများ မဖြစ်ပေါ်နိုင်သေးပဲရှိပါမည်။

        ကမ္ဘာရွှေစျေး ပြန်ကျမှု နောက်ဆုံးအပိုင်း ပြီးဆုံးပြီးနောက် စျေးပြန်တက်လာသော အချိန်တွင်ကား မြန်မာ့ရွှေစျေး ပြန်လည်လှုပ်ရှား ဦးမော့လာနိုင်စရာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

        30.11.2021 ရက် ညနေ ၅ နာရီ မြန်မာ့ရွှေဈေးကွက် အပိတ်ဈေးမှာ ၁၇ သိန်း ၇သောင်း ၂ထောင် ဝယ်၊ ၁၇ သိန်း ၇သောင်း ၄ထောင် အရောင်း ( အသင်းဈေး) ဖြစ်ပါသည်။


ဦးခိုင်ဇင်ဝင်း

28/11/2021 ရက်နေ့

တနင်္ဂနွေနေ့


#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency